ဂျိုးဘိုင်ဒင် အနိုင်ရကြောင်း သမ္မတထရမ့် ပထမဆုံးအကြိမ် အသိအမှတ်ပြု

ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၃ ရက် အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီဆိုတာကို လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၁၅ ရက်မှာ ပထမဆုံးအကြိမ် လူသိရှင်ကြား အသိအမှတ်ပြုလိုက်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဟာ အကြံအဖန် လုပ်ခံရတယ်ဆိုတဲ့ သူ့စွဲချက်ကို မရုပ်သိမ်းသေးဘဲ  မဲလိမ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တယ်ဆိုတဲ့ သူ့ရဲ့ မှားယွင်းကြေညာချက်ကို ထပ်ပြောခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။ ရွေးကောက်ပွဲက အကြံအဖန်လုပ်ထားလို့ သူ နိုင်ခဲ့တယ်လို့ ထရမ့်က တနင်္ဂနွေမနက်မှာ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ဘိုင်ဒင်ရဲ့နာမည်ကို မဖော်ပြဘဲ ရေးခဲ့တာပါ။  အဲဒီနောက် ထရမ့်ဟာ သူ ဘာကိုမှ အရေးနိမ့်ကြောင်း ဝန်မခံဘူးလို့လည်း တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ ဘိုင်ဒင်ဟာ ရီပတ်ဗလစ်ကန်ပါတီဝင်တွေ ၂၀၁၆ မှာ မဲနိုင်ခဲ့ဖူးတဲ့ နယ်မြေတွေမှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး နိုင်ပွဲဆက်ခဲ့လို့ ထရမ့်ကို အနိုင်ရခဲ့တာပါ။ ဒီမိုကရက် ဒုသမ္မတဟောင်း ဘိုင်ဒင်ဟာ နိုင်ငံလုံးဆိုင်ရာ လူကြိုက်များမှု မဲမှာလည်း မဲ ၅ ဒသမ ၅ သန်းကျော် မဲရလဒ် ၃ ဒသမ ၆ ရာခိုင်နှုန်း အသာနဲ့ အနိုင်ရခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ပြည်နယ်အလိုက် ရွေးကောက်တဲ့စနစ်အရ သမ္မတလောင်းအဖြစ် အနိုင်ရဖို့ မဲ ၂၇၀ လိုအပ်ပြီး ဘိုင်ဒင်က ၃၀၆ မဲ ရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up