Home
မြန်မာသတင်း
ယူနန်အစိုးရက ကျပ်သိန်း ၈,၀၀၀ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများလှူဒါန်း
DVB
·
November 16, 2020
တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက လှူဒါန်းတဲ့  မြန်မာငွေကျပ် သိန်း ၈,၀၀၀ တန်ဖိုးရှိတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေကို ကျန်းမာရေးဝန်ထမ်းတွေ၊ ကွာရန်တင်း စင်တာက၀န်ထမ်းတွေနဲ့ ပရဟိတအသင်းတွေကို ပြန်လည်ထောက်ပံ့ပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (PHL) (မန္တလေး)အနေနဲ့ အထက်မြန်မာပြည်မှ ကိုဗစ်-၁၉ရောဂါ ထိစပ်မှုတွေကို စစ်ဆေးဆောင်ရွက်ပေးဖို့  ပြည်သူတွေ၊ ကျန်းမာရေး နည်းပညာရှင်တွေ၊ အလှူရှင်တွေနဲ့စေတနာ့ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် အခုချိန်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့တယ်လို့လည်း ၀န်ကြီးချုပ်ကဆိုပါတယ်။ ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က “မိမိတို့ နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစဖြစ်ကတည်းက ယူနန်ပြည်နယ်က အကူအညီတွေ အများကြီးပေးခဲ့ပါတယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကိုဗစ်နဲ့ပတ်သက်ပြီး နည်းပညာတွေ၊ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို မျှဝေပေးပါတယ်၊ ကိုဗစ်-၁၉ ရောဂါဟာ စောစောစစ်နိုင်လေ ကာကွယ်မှုကို ပိုမိုဆောင်ရွက် နိုင်မှာပါ။ ယူနန်ပြည်နယ်အစိုးရက လှူဒါန်းပေးတဲ့ ပစ္စည်းတွေဟာ မန္တလေးတိုင်းဒေသကြီးအတွက် လိုအပ်နေတဲ့ ပစ္စည်းတွေဖြစ်ပြီးကျန်းမာရေးဝန်ထမ်းတွေ၊ ကွာရန်တင်း စင်တာတွေမှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ပရဟိတအသင်းတွေကို ပြန်လည်ထောက်ပံ့ ပေးသွားမှာဖြစ်ပါတယ်။”လို့ ပြောပါတယ်။ ယူနစ်ပြည်နယ်အစိုးရက  မန္တလေးတိုင်းဒေသကြီးကို တတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေဖြစ်တဲ့ အသက်ရှူကူစက်နဲ့ ဆက်စပ်ပစ္စည်း၊ PPE ဝတ်စုံနဲ့  နှာခေါင်းစည်း၁၀ မျိုးကို  နိုဝင်ဘာ ၁၄ ရက်နေ့က  မန္တလေးမြို့ ပူးလ်မန်းဟိုတယ်မှာ  လှူဒါန်း ခဲ့တာဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို ယူနန်ပြည်နယ်က ကုန်းလမ်းခရီးစဉ်နဲ့ ရွှေလီ-မူဆယ် လမ်းကြောင်းက တဆင့် မန္တလေးသို့ ကုန်တွဲယာဉ်ကြီး သုံးစီးနဲ့ တိုက်ရိုက်တင်ဆင်လာတာဖြစ်တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာချန်းကပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း အိမ်နီးချင်းနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ကပ်ရောဂါကို တိုက်ဖျက်နေချိန်တွေမှာ ဆက်လက်ကူညီပေးသွားမယ်လို့လည်း ပြောပါတယ်။ သတင်း - ခင်ပြည့်စုံဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024