Home
မြန်မာသတင်း
လွိုင်ကော်ကုန်တင်ယာဉ်ရပ်နားစခန်းကို ပြည်သူ့ဆန္ဒအရ ရွေ့ပြောင်းပေးမည်
နော်နိုရင်း
·
November 16, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ အထက(ခွဲ)ကျောင်းဝင်းမှာ  ဖွင့်လှစ်ထားတဲ့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို ဒေသခံပြည်သူတွေတောင်းဆိုထားတဲ့အတိုင်း ရွှေ့ပြောင်းပေးဖို့ ပြည်နယ်အစိုးရ စီစဉ်နေတယ်လို့ လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောပါတယ်။ “အခုဝါရီကောခူဂိတ်မှာရှိတဲ့ပြည်သူတွေက ကျေးရွာမှာရှိတဲ့ပြည်သူတွေက သူတို့နဲ့အရမ်းနီး စပ်ပါတယ်။ ကုန်တင်ကားကြီးတွေကလည်း ကားကြီးမှာရှိတဲ့စပယ်ယာတွေက စည်းကမ်းရှိတဲ့ လူလည်းရှိသလို မရှိတဲ့လူက ညကျတော့ ထွက်တဲ့အခါကျတော့ သူတို့အတွက် အန္တရာယ် ကူးစက် လာနိုင်တဲ့အနေအထားမျိုးရှိပါတယ်။ ဒါကြောင့် သင့်တော်နဲ့နေရာကိုရွှေ့ပေးပါလို့ တောင်းဆိုတဲ့ အခါကျတော့ ကယားပြည်နယ်အစိုးရအဖွဲ့ကနေပြီး‌တော့ ကွင်းပြင်ကျယ်ကြီးရှိတဲ့နေရာဆိုလို့ ဒီတနေရာမှာပဲရှိတယ်။  ဒီနေရာမှာလုပ်ရင်မကောင်းဘူးလားဆိုပြီး နှစ်ကြိမ်သုံးကြိမ်လောက် ကွင်းဆင်းပါတယ်။ ‌ခေတ္တဝန်ကြီးချုပ်လည်းပါတယ်။ ခရိုင်တာဝန်ရှိသူတွေလည်း ပါတယ်။ ဒီနေရာက အဆင်ပြေတယ် သို့သော် အဆောက်အဦမရှိတဲ့အတွက် အခက်အခဲ ရှိတယ်ဆိုပြီးတော့ အဆောက်အဦကို လူ ၁၅၀ စာခန့်မှန်းထားပါတယ်။ ” ကုန်တင်ယာဉ်ရပ်နားစခန်းသစ်ကို မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန လွိုင်ကော်သစ် ဆိပ်မှာ  ပြောင်းရွေ့နိုင်ဖို့  နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး စတင်တည်ဆောက်မှုတွေ လုပ်ဆောင်နေပြီး ဒီလကုန်အပြီးတည်ဆောက်ဖို့နဲ့ လာမယ့်ဒီဇင်ဘာလမှာ ပြောင်းရွေ့နိုင်အောင်တော့ စီစဉ် ဆောင်ရွက်ထားတယ်လို့လည်း ဆိုပါတယ်။ လူဦးရေ ၁၅၀ နေနိုင်မယ့်  ကားသမား၊ ကားစပယ်ယာတွေ အနားယူဖို့ ရုံ ၃ ရုံနဲ့ သူတို့ အတွက်ကျန်းမာရေးစစ်ဆေးဖို့ တရုံအပြင်၊ အုပ်ချုပ်ရေးအဖွဲ့အတွက် အဆောက်အဦ ၁ ခု စုစုပေါင်း အဆောက်အဦ ၅ ခုကို တည်ဆောက်နေပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးရရှိရေးသွယ်တန်းမှုတွေနဲ့အတူ ရေနဲ့ တခြားသန့်ရှင်းရေးကိစ္စတွေကို စည်ပင်နဲ့ မီးသတ်အဖွဲ့တွေက  တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ကောင်းလည်း ဆိုပါတယ်။ အဆိုပါနေရာဟာ ရေရှားပါးတဲ့အတွက် ရေကို ဘီလူးချောင်းက တဆင့် ကားနဲ့သယ်ယူသွားဖို့ အစီအစဉ်ရှိတယ်လို့လည်း  ဦးသန်းထွန်းက ပြောပါတယ်။ အောက်တိုဘာ ၂၆ ရက်က ယာဉ်ရပ်နားစခန်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိပြီးနောက်  ဒီယာယီယာဉ်ရပ်နား စခန်းကို ရွှေ့ပြောင်းပေးဖို့ ဒေသခံတွေက တောင်းဆို ထားခဲ့တာဖြစ်ပါတယ်။ ဝါရီကောခူ အထက(ခွဲ)ကျောင်းဝင်းမှာ  ဖွင့်လှစ်ထားတဲ့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်း ဟာ ဝါရီကောခူနဲ့ ပီကင်းကောခူ ကျေးရွာ နှစ်ရွာအကြားမှာ ရှိပြီးရွာခံ လက်လုပ်လက်စား တောင်သူတွေ ယာဉ်ကြောပိတ်ဆို့တာ၊ အဟန့်အတားဖြစ်စေတာနဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ များပြားတဲ့အတွက် ကပ်ရောဂါကူးစက်ခံရမှာကို အလွန်စိုးရိမ်နေရတဲ့အတွက် ရွှေ့ပြောင်းပေးဖို့ ဒေသခံတွေက ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ကယားပြည်နယ်မှာ ပြည်နယ် ပြင်ပပြေးဆွဲနေတဲ့ အဝေးပြေး ခရီးသည်တင်ယာဉ်တွေကို ယာယီရပ်နားထားပြီး ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး ကုန်တင်ယာဉ်တွေကို ဝါရီကောခူ အထက ခွဲမှာ ရပ်နားစေပြီး ကုန်စည်သယ်ယူမှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ ကုန်တင်ယာဉ်ရပ်နားစခန်းကို အရင်က လွိုင်ကော်မြို့ အထက(၆)ကျောင်းမှာ ဖွင့်လှစ်ခဲ့ပေမဲ့ အောက်တိုဘာ ၉ ရက်နေ့ကစပြီး ရှမ်းကယားနယ်စပ် လွိုင်ကော်မြို့အဝင် ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ဝါရီကောခူကျောင်းဝန်းအတွင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ကန့်ကွက်မှုကြောင့် ဒီကုန်တင်ယာဉ်ရပ်နားစခန်းကို အခု လွိုင်ကော်သစ် ဆိပ်မှာ  ပြောင်းရွေ့ နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီဇင်ဘာလထဲ ရွေ့ပြောင်းနိုင်မယ်လို့ မျှော်မှန်း ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024