Home
မြန်မာသတင်း
အရက်၊ ဘီယာ တင်သွင်းမှု ခွင့်ပြုထားသည့် ပမာဏထက် ပိုများ
DVB
·
August 8, 2013
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက်တွေကို တရားဝင်တင်သွင်းခွင့် ဟိုတယ်လုပ်ငန်းတွေအတွက်သာ ခွင့်ပြုထားပေမယ့် ဈေးကွက်ထဲမှာ ခွင့်ပြုတာထက် ပိုများနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောပါတယ်။ “ကျနော်တို့ စားသောက်ကုန်မှာ ပိတ်ပင်ထားတာတွေ ရှိတယ်။ တရားဝင် တင်သွင်းခွင့် မပြုထားတဲ့ အရက်၊ ၀ိုင်၊ စီးကရက်တွေကို ပြည်တွင်းမှာ တော်တော်တွေ့နေရတယ်။အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက်တွေကို တရားဝင် လိုင်စင်ဆိုတာက ဟိုတယ်မှာ သုံးဖို့အတွက် ဟိုတယ်ခရီးရဲ့ ထောက်ခံချက်နဲ့ ဟိုတယ်လိုင်စင်တွေကို တင်သွင်းခွင့်ပြုတယ်။ နောက်လေဆိပ်တွေမှာ ကျနော်တို့ ဂျူတီဖရီး ဆိုင်တွေရှိတယ်။ အဲဒီအတွက်ပဲ ကျနော်တို့ တင်သွင်းခွင့်ပြုထားတာ။” တရားမ၀င် ကုန်စည်စီးဆင်းမှု လျော့နည်းစေဖို့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ဖွင့်လှစ်ထားပေမယ့် ရှောင်ကွင်းလမ်းတွေကနေတဆင့် ၀င်ရောက်နေကြတယ်လို့ ဆိုပါတယ်။ “နယ်စပ်လမ်းကြောင်းမှာဆိုရင် ခြံစည်းရိုးလည်း မရှိဘူး။ အပေါက်တွေ အများကြီးပဲ။ နယ်စပ်ကုန်သွယ်ရေး စခန်းဆိုပြီး ဖွင့်ထားတယ်။ သို့သော် တကယ်လာတော့ ကျနော်တို့ဆီ မလာဘဲနဲ့ စခန်းအနီးကျ ကွင်းသွားရော။ စခန်းအနားကို ပတ်ပြီးတော့မှ ရှောင်ကွင်းလမ်းကနေ သွားတာပေါ့။ အဲဒီလိုမျိုးကျတော့ ကျနော်တို့ သတင်းရရင် လုပ်တာကိုင်တာလည်း ပိုအဆင်ပြေမယ်။ ဖမ်းမိတာလည်း ပိုများလာမှာပေါ့နော်။ ဖမ်းဆီးတယ်ဆိုတာလည်း ကျနော်တို့ အဓိက လမ်းကြောင်းမှန် ရောက်စေချင်တဲ့ သဘောပါပဲ။ အများဆုံး ဘီယာတွေ၊ အရက်တွေ၊ ၀ိုင်တွေရော မိတယ်။” ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ အရက်၊ ဘီယာ၊ ၀ိုင် စတဲ့ယမကာမျိုးစုံအတွက် တရားဝင်တင်သွင်းခွင့်ပြုခဲ့တဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၃ ဒဿမ ၇၂ သန်းဖိုးရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024