Homeမြန်မာသတင်း
ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ပြီးစီး၊ အန်အယ်လ်ဒီက ၉၂၀ နှင့် ကြံ့ခိုင်ရေးက ၇၁ ဦးဖြင့် အများဆုံး အနိုင်ရ
ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ပြီးစီး၊ အန်အယ်လ်ဒီက ၉၂၀ နှင့် ကြံ့ခိုင်ရေးက ၇၁ ဦးဖြင့် အများဆုံး အနိုင်ရ
DVB
·
November 15, 2020
ရွေးကောက်ပွဲရလဒ်တွေအားလုံးကို ထုတ်ပြန်ပြီးစီးသွားပြီး အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် အယောက် ၉၂၀ ယောက်အနိုင်ရထားလို့ အများဆုံးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက ၇၁ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
အန်အယ်လ်ဒီဟာ ပြည်သူ့လွှတ်တော်အတွက် ၂၅၈ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၁၃၈ ယောက်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက် ၅၀၁ ယောက်၊ တိုင်းရင်းသားလူမျိုးများ လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၂၃ ယောက် အနိုင်ရထားပါတယ်။
ပြည်ခိုင်ဖြိုးပါတီကတော့ ပြည်သူ့လွှတ်တော်အတွက် ၂၆ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၇ ယောက်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက် ၃၈ ယောက် အနိုင်ရထားပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တိုင်းရင်းသားပါတီတွေထဲမှာ အများဆုံးအနိုင်ရတဲ့ ပါတီဖြစ်ပြီး ပြည်သူ့လွှတ်တော်အတွက် ၁၃ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၂ ယောက်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေအတွက် ၂၇ ယောက် အနိုင်ရထားပါတယ်။
ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အတွက် ၄ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၄ ယောက်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ၇ ယောက်အနိုင်ရခဲ့ပါတယ်။
မွန်ညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၃ ယောက်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ၆ ယောက်နဲ့ တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁ ယောက် အနိုင်ရထားပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၃ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၁ ယောက်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်အတွက် ၇ ယောက် အနိုင်ရထားပါတယ်။
တအာင်း(ပလောင်) အမျိုးသားပါတီက ပြည်သူ့ လွှတ်တော်အတွက် ၃ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၂ ယောက်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်အတွက် ၇ ယောက် အနိုင်ရပါတယ်။
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကတော့ ပြည်သူ့လွှတ်တော်အတွက် ၂ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၃ ယောက်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်အတွက် ၃ ယောက် အနိုင်ရပါတယ်။
ရခိုင့်ဦးဆောင်ပါတီက ပြည်သူ့လွှတ်တော်အတွက် ၁ ယောက်နဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်အတွက် ၂ ယောက် အနိုင်ရပါတယ်။
ကချင်ပြည်နယ် ပြည်သူ့ပါတီက ပြည်သူ့လွှတ်တော်အတွက် ၁ ယောက်နဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်အတွက် ၃ ယောက် အနိုင်ရပါတယ်။
ဝ အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အတွက် ၁ ယောက်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်အတွက် ၂ ယောက် အနိုင်ရပါတယ်။
ဒီမိုကရေစီပါတီသစ်(ကချင်)က အမျိုးသားလွှတ်တော်အတွက် ၁ ယောက်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ၁ ယောက် အနိုင်ရပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ၁ ယောက်စီ အနိုင်ရကြပါတယ်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကတော့ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ၁ ယောက်စီ၊ တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ၁ ယောက်စီ အနိုင်ရထားပါတယ်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၁ ယောက်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်အတွက် ၁ ယောက်အနိုင်ရပါတယ်။
ကယန်းအမျိုးသားပါတီက တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ၁ ယောက် အနိုင်ရပါတယ်။
ဒါ့အပြင် တသီးပုဂ္ဂလဝင်ပြိုင်ခဲ့သူ ၄ ယောက်ဟာလည်း တိုင်းနဲ့ပြည်နယ်လွှတ်တော်မှာ ၂ ယောက်၊ တိုင်းရင်းသားလူမျိုးများ လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၂ ယောက် အနိုင်ရထားပါတယ်။
ဒါကြောင့် ဒီရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၃၁၅ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၁၆၁ ယောက်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေအတွက် ၆၁၂ ယောက်၊ တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၂၉ ယောက်ကို ရွေးချယ်နိုင်ခဲ့ပါတယ်။
မဲရလဒ်တွေမှာ မမျှော်လင့်ထားတဲ့ရလဒ်နဲ့ သံသယကြောင့် မဲစာရင်းတွေ ပြန်တောင်းကြည့်မယ်လို့ ပါတီတချို့က ပြောဆိုထားပါတယ်။