Home
မြန်မာသတင်း
ကလောနှင့် မင်္ဂလာတောင်ညွန့်တွင် ကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
November 15, 2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ဖော်ထုတ်စစ်ဆေးရာမှ မင်္ဂလာတောင်ညွန့်မြို့နယ်မှာလည်း မူးယစ်ဆေးဝါးတွေ  ထပ်မံဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီကျော်လောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သက်သေတွေနဲ့ ကလောမြို့နယ်၊ ကလော-သာစည် သွားကားလမ်းမှာ မော်တော်ယာဉ်တွေအား ရှာဖွေစစ်ဆေးနေစဉ် ရန်ကုန်မြို့ကို လူမဲ့တန်ဆာ တင်ဆောင်လာတဲ့ ခရီးသည်တင်မော်တော်ယာဉ်တစီးပေါ်ရှိ ပီနံအိတ်တွေအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၀၀ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ ကွင်းဆက် ဆက်လက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက် ၁၁ နာရီခွဲလောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာကားဝင်း ---- ကားဂိတ်မှာ အဲဒီမူးယစ်ဆေးတွေကို Honda Fit ယာဉ်နဲ့ လာယူတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်နေ ဝင်းထွန်းဟန်(ခ) ကိုထွန်း ၃၄ နှစ်ကို စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်မှာ ICE အလေးချိန် ၁၆ ဂရမ်နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။  ဝင်းထွန်းဟန်ရဲ့ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်း ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၃၁၈၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၈၁.၆ သိန်း) နဲ့ ICE  အလေးချိန် ၃၁၀ ဂရမ်၊ စုစုပေါင်း ICE အလေးချိန် ၃၂၆ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၁.၅ သိန်း) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ သက်ဆိုင်ရာရဲစခန်းများမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုတွေ ရေးဖွင့်ပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024