ထောက်ခံသူများကို ထိုင်းဘုရင် တော်ဝင်ယာဉ်တန်းဖြင့် နှုတ်ဆက်

ထိုင်းနိုင်ငံအတွင်း ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ မြို့တော် ဘန်ကောက်မှာ ရှိနေပေမယ့် ထိုင်းဘုရင်ဟာ ထောင်ချီတဲ့ ထောက်ခံသူတွေကို နိုဝင်ဘာ ၁၄ ရက်မှာ နှုတ်ဆက်ခဲ့ပါတယ်။ တော်ဝင်ယာဉ်တန်း ဖြတ်လာချိန်မှာ ကျောပေးထားမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်း တော်ဝင်မိသားစုကို ဝေဖန်တာဟာ မလုပ်ကောင်းတဲ့အရာအဖြစ် ကာလကြာရှည် မှတ်ယူထားကြတာပါ။ ထိုင်းနိုင်ငံ ဥပဒေအရ တော်ဝင်မိသားစုနဲ့စနစ်ကို ဝေဖန်ပါက ထောင်ဒဏ် ၁၅ နှစ်ထိ အပြစ်ပေးခံရနိုင်ပါတယ်။ အခုတော့ ဆန္ဒပြသူတွေဟာ အားကောင်းတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ပိုတိုးပြီး ဆော်သြနေကြပါတယ်။ ဆန္ဒပြပွဲတွေက လတ်တလော သီတင်းပတ်အတွင်း ပိုကျယ်ပြန့်လာခဲ့တာပါ။ ဆန္ဒပြ ခေါင်းဆောင်တယောက်က “အချုပ်အခြာဟာ လူတိုင်းနဲ့ ဆိုင်တယ်။ ပြည်သူမရှိရင် အစိုးရနဲ့ ဘုရင်စနစ်လည်း အာဏာရှိလာမှာ မဟုတ်ဘူး” လို့  ပြောပါတယ်။ ညှိနှိုင်းအဖြေရှာဖို့ကိုလည်း သူက အစိုးရနဲ့ ဘုရင်စနစ်ကို ဆော်သြခဲ့ပါတယ်။ ဇူလိုင်လကစတဲ့ ထိုင်းနိုင်ငံ မတည်ငြိမ်မှုအတွင်း စစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်းနဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာ ရာထူးက ဆင်းပေးရေး၊ အခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲရေးနဲ့ ဘုရင်ရဲ့ သြဇာကို ကန့်သတ်ပြီး စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေး တောင်းဆိုနေကြပါတယ်။ နိုဝင်ဘာ ၁၄ ရက်မှာတော့ ဆန္ဒပြသူအင်အား ၂,၅၀၀ လောက်ဟာ ဘန်ကောက်မြို့လယ်က ဒီမိုကရေစီကျောက်တိုင်မှာ စုရုံးခဲ့ကြပြီး ထိုင်းအစိုးရကို သရော်လှောင်ပြောင်တဲ့ သီချင်းတွေကို သီဆိုကခုန်ခဲ့ကြတယ်လို့ ရဲက ပြောပါတယ်။ မနှစ်က ရွေးကောက်ပွဲမစခင် အထက်လွှတ်တော်တရပ်လုံးက အမတ်တွေကို စစ်အစိုးရက ရွေးချယ်ခန့်အပ်ထားခဲ့လို့ ပရာယွတ်သ်အစိုးရဟာ လွှတ်တော်အတွင်း နေရာအများစုကို ရထား ပါတယ်။  ဒါဟာ ပရာယွတ်သ်က သူအာဏာရရေး ပုံစံထုတ် အကွက်ဆင်ထားတာလို့ အတိုက်အခံတွေက ပြောပေမဲ့ ပရာယွတ်သ်ကတော့ မဲက မျှတတယ်လို့ ပြောပါတယ်။ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ စစ်သည်အင်အား ၅,၀၀၀ ကို ထပ်တိုးတာဝန်ချထားပေမယ့် ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ အကြမ်းဖက်တဲ့နည်းကို သုံးမှာမဟုတ်ဘူးလို့ ရဲက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up