မွန်ပြည်နယ်တွင် ကိုဗစ်လူနာသစ် ၁၅ ဦးထပ်တွေ့၊ အတည်ပြုလူနာ ၉၀၀ နီးပါး ရှိလာ
DVB
·
November 15, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၅ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာ ၁၄ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ရောဂါပိုး တွေ့ရှိမှုအရ သထုံမြို့နယ် ၈ ဦး၊ ကျိုက်ထိုမြို့နယ် ၂ ဦး၊ ကျန် ကိုဗစ်အတည်ပြုလူနာ ၅ ဦးဟာ တခြားတိုင်နဲ့ပြည်နယ်က လာရောက်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါပိုးတွေ့ရှိသူထဲမှာ သထုံမြို့နယ်က ကိုဗစ်လူနာ ၅ ဦးဟာ ဘက်ကကူးမှန်း မသိတဲ့သူတွေ ပါဝင်နေတာဖြစ်ပြီး ကျန်ကိုဗစ်လူနာ ၁၀ ဦးဟာ ခရီးသွားရာဇဝင်ရှိသူနဲ့ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ထားသူတွေ ဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ အားလုံးဟာ သက်ဆိုင်ရာမြို့နယ်တွေက အသွားအလာ ကန့်သတ်ထားတဲ့ ကွာရန်တင်း Camp တွေမှာ စောင့်ကြည့်ထားတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၈၈၉ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ၁၀ ဦး သေဆုံးထားပါတယ်။