နိုဝင်ဘာ ၁၄ ရက်နေ့ကို အမျိုးသားကျန်းမာရေးနေ့အဖြစ် သတ်မှတ်
DVB
·
November 15, 2020
နိုဝင်ဘာ ၁၄ ရက်နေ့ကို မြန်မာနိုင်ငံရဲ့ အမျိုးသားကျန်းမာရေးနေ့အဖြစ် သတ်မှတ်လိုက်ပြီး အခု ပထမဆုံး အမျိုးသားကျန်းမာရေးနေ့မှာ ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်တွေလည်း လုပ်မယ်လို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။
အမျိုးသားကျန်းမာရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးအသိပညာပေးလှုပ်ရှားမှုတွေကတဆင့် မကူးစက်နိုင်တဲ့ ရောဂါတွေနဲ့ တခြားရောဂါတွေကာကွယ်ရေး၊ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် ပြုမူနေထိုင်ရေးနဲ့ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်တွေကိုလည်း အလေးပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဝန်ကြီးဌာန စတင်တည်ထောင်ခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကို အမျိုးသားကျန်းမာရေးနေ့အဖြစ် သတ်မှတ်လိုက်တာဖြစ်ပြီး ၁၉၅၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်ထုတ် မြန်မာနိုင်ငံ ပြန်တမ်းမှာ ကျန်းမာရေးဝန်ကြီးဌာနလို့ သုံးနှုန်းဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ၁၉၅၃ ခုနှစ် မတ် ၂၃ မှာ ကျင်းပတဲ့ ဝန်ကြီးများအဖွဲ့ရဲ့ ၂၁၉ ကြိမ်မြောက် အစည်းအဝေးမှာ ပြည်သူ့ဝန်ထမ်းကြီးဌာနက တင်ပြတဲ့စီမံကိန်းအတိုင်း ဆေးနဲ့ ကျန်းမာရေးဌာနကို အသစ်ပြုပြင်ပြောင်းလဲ ဖွဲ့စည်းဖို့ ဆုံးဖြတ်ထားတာလည်း ရှိပါတယ်။
ဒီရက်တွေထဲက တရက်ရက်ကို အမျိုးသားကျန်းမာရေးနေ့အဖြစ် သတ်မှတ်နိုင်ဖို့ သမ္မတရုံးကို တင်ပြခဲ့တဲ့အခါ ကျန်းမာရေးဌာနရဲ့ အစီအစဉ်နဲ့ပဲ သတ်မှတ်ဖို့ လမ်းညွှန်လာတာကြောင့် နိုဝင်ဘာ ၁၄ ရက်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။