Home
မြန်မာသတင်း
ပြည်ခိုင်ဖြိုးပါတီ၏ အသုံးအနှုန်းအပေါ် မသန်စွမ်းအဖွဲ့များနှင့်အရပ်ဘက်အဖွဲ့များ ကန့်ကွက်
DVB
·
November 15, 2020
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ထုတ်ပြန်ချက်မှာ မသန်စွမ်းသူတွေအပေါ် ခွဲခြားဆက်ဆံသုံးနှုန်းခဲ့တဲ့ အချက်အလက်တွေကို အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ပါတီဘက်က တရားဝင်တောင်းပန်ဖို့ မြန်မာနိုင်ငံ နားမကြား အဖွဲ့တွေ၊ မသန်စွမ်းအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။  ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်တဲ့သတင်းလွှာမှာ “'အစ္စရံကျေးရွာမှာ စာမတတ်သူ၊ စကားမပြောတတ်သူ၊ နားမကြားသူ ဒေါ်ဝင်းစန္ဒာခိုင်အား ဆန္ဒမဲပေးခွင့်ပြုခြင်းကို မဲမသမာမှုအဖြစ် ရေးသားထားခြင်း” ဟာ နားမကြားသူတွေရဲ့ နိုင်ငံသားအခွင့်အရေး မဲပေးခြင်းကို တားဆီးပိတ်ပင်ပြီး ခွဲခြားနှိမ့်ချတဲ့သဘော သက်ရောက်နေတယ်လို့ အဲဒီအဖွဲ့အစည်းတွေက ဖော်ပြထားပါတယ်။  ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းလွှာမှာလည်း မသန်စွမ်းဟု ရေးရမယ့်အစား မသန်မစွမ်းလို့ ရေးသားဖော်ပြတာကိုလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ မြန်မာ့ရှေ့ဆောင်နားမကြားအသင်း ညီမျှခြင်းမြန်မာ၊ ကနောင်အင်စတီကျု စတဲ့ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၉၅ ခုက လတ်မှတ်ထိုး ကန့်ကွက်ထားတာ ဖြစ်ပြီး ၂၄ နာရီအတွင်း နောက်ထပ် ထောက်ခံလက်မှတ်ထိုးလိုတဲ့အဖွဲ့တွေ တိုးလာဆဲပဲလို့ ညီမျှခြင်းမြန်မာ အဖွဲ့အစည်းက တာဝန်ရှိသူ ဦးအောင်မျိုးမင်းက ပြောပါတယ်။  “ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဘက်က တရားဝင်တောင်းပန်ချက်ကို မရရှိသေးပေမဲ့ သူတို့ထုတ်ပြန်စာရဲ့ နောက်ဆုံးအပိုင်းမှာ မသန်စွမ်းသူများလို့ ပြင်ဖတ်ပါ ဆိုတဲ့ တုံ့ပြန်ချက်တခု ဖြစ်လာပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံပါတီကြီးတခုအနေနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ မှားယွင်းကြောင်း တရားဝင်တောင်းပန်ထားတာ မဟုတ်တဲ့အတွက် ဆက်လက်တိုက်တွန်းကြမှာပါ။”  ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၂ ဒသမ ၈ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့ စာရင်းအရ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ မသန်စွမ်းဦးရေ ၈၄,၀၃၃ ယောက် ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - နွေလှိုင်း(YU)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024