A d v e r t i s e m e n t With Us

မောင်တောတွင် ကိုဗစ်ကူးစက်မှု မြင့်လာသဖြင့် ကျန်းမာရေးညွှန်ကြားချက်လိုက်နာရန် တိုက်တွန်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်လာနေတာကြောင့် ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ နေထိုင်ကြဖို့ ကျန်းမာရေးတာဝန်ရှိသူတဦးက တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က မောင်တော်မြို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ တစ်ဦးမှမရှိခဲ့ပေမဲ့ နိုဝင်ဘာ ၂ ရက်နေ့ ၁ ဦး၊ ၃ ရက်နေ့ ၆ ဦး၊ ၄ ရက်နေ့က ၆ ဦး၊ ၅ ရက်နေ့က ၅ ဦး၊ ၇ ရက်နေ့က ၇ ဦး၊ ၈ ရက်နေ့က ၃ ဦး၊ ၉ ရက်နေ့က ၆ ဦး၊ ၁၀ ရက်နေ့က ၇ ဦး၊ ၁၁ ရက်နေ့က ၁၂ ဦး၊ ၁၂ ရက်နေ့က ၇ ဦး၊ ၁၃ ရက်နေ့က ၉ ဦး၊ နိုဝင်ဘာ ၁၄ ရက်နေ့က ၁၀ ဦး စသဖြင့် ၁၂ ရက်အတွင်း ၇၉ ဦးအထိ ပိုးတွေ့လူနာ မြင့်လာနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်၊ မောင်တောဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၂ ဦး ရှိသွားပြီလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက  “အခု သေဆုံးသူ ၁ ဦးနဲ့ ဆိုရင် မောင်တောမှာ ကိုဗစ်နဲ့ သေဆုံးတာ ၂ ဦးအထိ ရှိလာပြီ။ အခုလက်ရှိမှာ ပိုးတွေ့ရှိမှုက များလာနေတယ်။ ရောဂါပိုးက မြို့မှာ အတော်လေးပျံ့နှံ့နေတယ်လို့ ယူဆနိုင်တယ်။ ဒါကြောင့် မောင်တောဒေသခံတွေ ပေါ့ပေါ့မနေဖို့ လိုတယ်။ ကိုဗစ်စည်းကမ်းချက်တွေနဲအညီ လိုက်နာနေထိုင်ကြဖို့ အထူးလိုအပ်နေတယ်” လို့ ပြောဆိုပါတယ်။ မောင်တောဆေးရုံမှာ နိုဝင်ဘာ ၄ ရက်နေ့က ၇၆ နှစ်အရွယ် လေဖြတ်ထားတဲ့ အမျိုးသမီး ၁ ဦးနဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က အသက် ၆၂ နှစ်အရွယ် သွေးတိုး၊ ဆီးချိုအခံရှိသူ အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။ မောင်တောမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်အထိ ကိုဗစ် အတည်ပြုလူနာ ၃၆၀ ဦးရှိတဲ့အနက် မောင်တောပြည်သူဆေးရုံမှာ ၂၆ ဦးနဲ့ သီရိမင်္ဂလာခန်းယာယိမ်ဆေးရုံမှာ ၃၈ ဦး ဆေးကုသမှု ခံယူနေပြီး ကျန် ၂၉၆ ဦးကတော့ ဆေးရုံက ဆင်းခွင့်ရရှိသွားပြီလို့ သိရပါတယ်။ မောင်တောမြို့မှာ လက်ရှိ Facility Quarantine ထားရှိသူ ၈ ဦးနဲ့ Home Quarantine ထားရှိသူ ၂၀၀ ကျော်ခန့်ရှိတယ်လို့ ခရိုင်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ရခိုင်တပြည်နယ်လုံးမှာတော့ နိုဝင်ဘာ ၁၃ ရက်နေ့အထိ အတည်ပြုလူနာ ၃၁၄၂ ဦးရှိတဲ့အနက် သေဆုံးသူ စုစုပေါင်း ၂၃ ဦး၊ လက်ရှိမှာ လူနာ ၂၆၈ ဦး ဆေးကုသမှုခံယူနေပြီး ကျန်လူတွေကတော့ ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပြီလို့ သိရပါတယ်။ သတင်း - လင်းလက်

A d v e r t i s e m e n t With Us

More News
Up