အုတ်ဖို အထည်ချုပ်စက်ရုံတခုက အလုပ်သမား ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေသူ ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ်။  အတည်ပြုလူနာ ၂ ဦးဟာ JMKS အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်‌နေသူတွေဖြစ်ကာ အနံ့မရလို့ နိုဝင်ဘာ ၁၃ ရက်‌နေ့က‌ ‌ဆေးရုံလာပြတာကြောင့် Quarantine ဝင်ခိုင်းပြီး ဒီနေ့ RTD နဲ့ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မြို့နယ်ကျန်းမာ‌ရေးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။ အတည်ပြုလူနာတွေရဲ့နေအိမ်နဲ့ သွားရောက်ခဲ့တဲ့ နေရာတွေကို လော့ဒေါင်းချထားသလို ထိတွေ့သူတွေကို ဆက်လက်စုံစမ်းနေပြီး လိုအပ်သလို လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ JMKS အထည်ချုပ်စက်ရုံမန်နေဂျာ ဦးကိုသက်က စက်ရုံကို ၁၃၊ ၁၄၊ ၁၅ ရက်ပိတ်ထားပြီး ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ၊ လူမှူကူညီရေးအသင်းတွေ၊ ဌာနဆိုင်ရာလူကြီးတွေနဲ့ပူ ပေါင်းပြီး စက်ရုံကို ဆေးဖျန်းတာတွေ လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အတည်ပြုလူနာတွေနဲ့ ထိတွေ့မှူရှိတဲ့သူတွေကို Home Stay နေခိုင်းဖို့ ချိတ်ဆက်လုပ်ကိုင်နေပြီး စက်ရုံကိုလည်း ဌာနဆိုင်ရာတွေရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အုတ်ဖိုမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ နေ့လယ်အထိ အတည်ပြုလူနာ အယောက် ၆၀ ရှိတဲ့အနက် ၅၃ ယောက်ဆေးရုံဆင်းခွင့်ရရှိပြီး ၇ ယောက်ကိုတော့ အုတ်ဖိုဆေးရုံမှာ ထားရှိကုသပေးနေတယ်လို့ သိရပါတယ်။ သတင်း - သက်နိုင်ဝင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up