သာစည်တွင် ကျန်းမာရေးဝန်ထမ်း ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦးထပ်တွေ့
DVB
·
November 14, 2020
မန္တလေးတိုင်း၊ သာစည်မြို့နယ် နိုဝင်ဘာ ၁၄ ရက်မနက်က ရဲတပ်ဖွဲ့တပ်ကြပ်ကြီး ၁ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦးအပါအဝင် ၁၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သာစည်မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သာစည်မြို့နယ်ဆေးရုံအုပ်ရာဝန်ကြီး ဒေါက်တာဦးဇော်မင်းထူးက “ပြည်သူ့ကျန်းမာရေးဝန်ထမ်းက မိတ္ထီလာရုံးကပါ။ အနံ့မရလို့ မိတ္ထီလာမှာပဲ စစ်ဆေးတာက ပိုးတွေ့တာပါ။ မိတ္ထီလာဆေးရုံမှာပဲ ထားတယ်၊ သာစည်ရဲဝန်ထမ်း ၁ ဦးမှာလည်း ပိုးတွေ့ရတယ်။ သံဃာ ၂ ပါးနဲ့ ကျန်သူတွေက ရန်ကုန်က ပြန်လာသူတွေပါ” လို့ ပြောပါတယ်။
မိတ္ထီလာပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ တာဝန်ကျတဲ့ သာစည်မြို့နယ်က ဝန်ထမ်း ၁ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူရုံးက ရဲတပ်ကြပ်ကြီး ၁ ဦး၊ အုတ်တွင်းဘုန်းတော်ကြီးကျောင်းက ဦးဇင်း ၁ ပါး၊ ကပ်ကျေးအင်းရွာဘုန်းတော်ကြီးကျောင်းက ကိုရင် ၁ ပါး၊ ညောင်တိုရွာက အမျိုးသား ၁ ဦး၊ တင်းတိမ်ကာရွာ၊ ရွာပုလဲကြီးရွာ၊ ဘုရားကုန်းရွာ၊ မောင်းမဆည်ရွာက အမျိုးသမီး ၁ ဦးစီနဲ့ မောင်းမဆည်ရွာက ၂ အရွယ်ကလေး ၁ ဦးအပါအဝင် စုစုပေါင်း ၁၁ ဦး ကိုဗစ်၁၉ရောဂါပိုး တွေ့ခဲ့တာပါ။
သာစည်မြို့နယ်မှာ ပိုးတွေ့လူနာပေါင်း အယောက် ၇၀ ရှိတဲ့အနက် ၅၆ ဦးက ရောဂါပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းသွားပြီး ၁၄ ဦးက ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ဝန်ထမ်းအိမ်ရာစင်တာမှာ လက်ရှိ Quarantine ဝင်နေသူ ၆၈ ဦး ရှိတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း