Home
မြန်မာသတင်း
ထိန်းသိမ်းစစ်ဆေးခံနေရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကျောက်ဖြူ ဒေသခံများ တောင်းဆို
DVB
·
November 14, 2020
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းကျေးရွာမှာ တပ်မတော်စစ်ကြောင်း ၁ ခု ဝင်ရောက်လာပြီးနောက် ဒေသခံ ၈၀ လောက်ကို ထိန်းသိမ်းစစ်ဆေးနေတာ ၁၁ ရက်ကျော်ကြာပြီ ဖြစ်သလို အဆက်အသွယ်လည်း မရတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။ ဇိုင်ချောင်းကျေးရွာမှာ နိုဝင်ဘာ ၂ ရက်နေ့က တပ်မတော်စစ်ကြောင်းတခု ဝင်ရောက်လာပြီး ဇိုင်ချောင်းနဲ့ သိုင်းချောင်းကျေးရွာနေ ဒေသခံတွေကို ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းစစ်ဆေးနေတာလို့ ထွက်ပြေးလာသူ ဇိုင်ချောင်းကျေးရွာနေသူ ၁ ဦးက ပြောပါတယ်။ “၁၁ လပိုင်း၊ ၂ ရက်နေ့ညနေ ၇ နာရီလောက်က အချိန်မတော်တဲ့အချိန်မှာ ကျမတို့ ထွက်ပြေးလာတာ အခုဆိုရင် ၁၁ လပိုင်း ၁၃ ရက်ပေါ့၊ ပိတ်လှောင်ခံထားရတာ ၁၁ ရက်ရှိပြီ။ ၁၁ ရက်ရှိနေတဲ့အချိန်မှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေရယ် ကျန်းမာရေးမကောင်းဘူးလို့ ကြားသိရတယ်၊ အဲဒီဟာကို ဒီအစိုးရကလည်း သိလျက်သားနဲ့ ဘာမှ မလုပ်ပေးနိုင်ဘူး။ ကျမတို့ကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ကူညီစေချင်တယ်၊ ဒီပိတ်လှောင်ခံထားရတဲ့သူတွေကိုလည်း အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်။”  မိခင်နဲ့ ညီမဖြစ်သူကို အဆက်အသွယ်မရတာ ၁၃ ရက်ရှိပြီဖြစ်တာကြောင့် အရမ်းစိုးရိမ်ကြောင်း ဒေသခံနောက်တဦးက ပြောပါတယ်။ “ဒီနေ့ဆိုရင် ၁၁ လပိုင်း ၁၃ ရက်ရှိပြီ။ တခြားသူတွေ ပြောတာကတော့ ဟိုမှာရှိသလို ဒီမှာရှိသလို ပြောကြတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးတော့ ကျနော် အရမ်းကိုစိုးရိမ်တာပေါ့။” နိုဝင်ဘာ ၂ ရက်နေ့က တပ်မတော် အရာရှိ ၂ ဦးကို  အေအေတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အခုလို ထိန်းသိမ်းစစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါဇိုင်ချောင်းကျေးရွာမှာ တပ်မတော်ရဲ့ ထိန်းသိမ်းစစ်ဆေးတာ ခံနေရတဲ့ ဒေသခံတွေအတွက် စားဝတ်နေရေး အကူအညီပေးနိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ပေးနေတယ်လို့ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ “သူတို့ဆီကို လိုအပ်တဲ့ သားငါး၊ ဟင်းသီးဟင်းရွက်၊ အဝတ်အထည်တို့ သွားလှူချင်ပါတယ် ဆိုပြီး စာတင်လာပါတယ်။ စာတင်လာတဲ့အတွက် ဒီကိစ္စတွေကို မနက်ဖြန် သွားရောက်ပြီးတော့မှ သူတို့လှူနိုင်ဖို့အတွက် စာထွက်ပြီးတော့မှ ညွှန်ကြားပါမယ်၊ ခရိုင်ရဲနဲ့ မြို့နယ်အုပ်ချုပ်ရေးက လိုက်ပါပြီးတော့ ဆောင်ရွက်ဖို့အတွက်လည်း ကျနော် ပြောထားပါတယ်။ တဖက်ကလည်း သူတို့ ထိန်းသိမ်းထားတယ်ဆိုတဲ့ အဖွဲ့တွေကိုလည်း ကျနော်က ဖုန်းနဲ့ပြောပြီးတော့ ဒီအဖွဲ့တွေ လာတဲ့အခါမှာ ဒီအဖွဲ့တွေဟာ လူသားချင်းစာနာထောက်ထားပြီးမှ လာရောက်ကူညီတာ ဖြစ်တဲ့အတွက် ဒါလေးတွေကို အုပ်ချုပ်ရေးပိုင်းအရ ဆောင်ရွက်နေတဲ့ အနေအထားလေး ဖြစ်တယ်ဆိုတာကိုလည်း ရှင်းပြထားပါတယ်။” အခုလို ဒေသခံတွေ ထိန်းသိမ်းစစ်ဆေးခံနေရတာနဲ့ ပတ်သက်ပြီး  တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ ဇိုင်ချောင်းကျေးရွာနဲ့ သိုင်းချောင်းကျေးရွာ ဒေသခံတွေကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေတာကြောင့် ဒေသခံရာနဲ့ချီ ကုလာဘာကျေးရွာ၊ ဂုံးချိန်ကျေးရွာနဲ့ ကျောက်ဖြူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဗွီဘီက ဒီနေ့မနက် ၁၀ နာရီ နောက်ဆုံးရရှိတဲ့သတင်းအရ ထိန်းသိမ်းစစ်ဆေးခံနေရသူတွေ ပြန်လွတ်သွားပြီဖြစ်ပြီး တပ်မတော်စစ်ကြောင်းလည်း ဇိုင်ကျောင်းရွာကနေ ပြန်လည်ထွက်ခွာသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ သတင်း - နောင်နောင် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024