A d v e r t i s e m e n t With Us

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ၄၂ နေရာ အနိုင်ရနေ 

ဓာတ်ပုံ- SNLD
၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအနေနဲ့ အတည်ပြုကြေညာပြီးသလောက် မဲရလဒ်တွေအရ  အမျိုးသားလွှတ်တော်မှာ ၂ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၁၃ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်မှာ ၂၇  နေရာ နဲ့ စုစုပေါင်း ၄၂ နေရာအနိုင်ရရှိထားတယ်လို့ SNLD ပါတီက ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူဆယ်၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ တို့မှာ ပြည်သူလွှတ်တော် ၇ နေရာနဲ့ ပြည်နယ်လွှတ်တော်နေရာ ၁၀ နေရာအနိုင်ရထားပြီး၊ တောင်ပိုင်းက လဲချား၊ မိုင်းရှူး၊ ကျေးသီး၊ ကွန်ဟိန်း၊ လင်းခေး၊ မိုးနဲတို့မှာ ပြည်သူ့လွှတ်တော် ၆ နေရာနဲ့ ပြည်နယ်လွှတ်တော်နေရာ ၁၅ နေရာ အနိုင်ရရှိခဲ့ပါတယ်။  အမျိုးသားလွှတ်တော်ကတော့ ရှမ်းပြည်နယ် အမှတ် ၆ မဲဆန္ဒနယ် လားရှိုးခရိုင်နဲ့ အမှတ် ၇ မဲဆန္ဒနယ် လွိုင်လင်၊ လင်းခေးခရိုင်မှာ ၂ နေရာရရှိထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့မှာတော့  ပြည်သူ့လွှတ်တော်နေရာမှာ လက်ရှိ SNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ၁၀,၀၉၆ မဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒေါ်နန်းခမ်းအေးဟာ ၂၀၁၅  ရွေးကောက်ပွဲတုန်းကလည်းအနိုင်ရခဲ့ပြီး  လွှတ်တော်သက်တမ်း သုံးကြိမ်မြောက်ရွေးချယ်ခံရခြင်းဖြစ်ပါတယ်။ နမ္မတူမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်နေရာမှာ ၄၈၅၉ မဲ ရရှိတဲ့ ဦးဝင်းလှိုင်က အနိုင်ရပြီး နမ္မတူမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်နေရာမှာ SNLD က စိုင်းကျော်ညွှန့်က ၇၇၄၂ မဲရပြီး အနိုင်ရပါတယ်။ ရှမ်းပြည်နယ်​မြောက်ပိုင်း မူဆယ်မြို့နယ်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီ (SNLD)က ပြည်သူ့လွှတ်​တော် မဲဆန္ဒနယ်မှာ ​ဒေါ်နန်း​ထွေးမှုံနဲ့ ပြည်နယ်လွှတ်​တော် မဲဆန္ဒနယ် အမှတ် (၁) မှာ ဦး​စိုင်း​ကျော်သိန်း၊ ပြည်နယ်လွှတ်​တော် မဲဆန္ဒနယ် အမှတ် (၂) မှာ ပြည်​ထောင်စု ကြံ့ခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ (USDP)က  ဦး​နော်​တောင် တို့ အသီးသီး ရရှိ​ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ SNLD ပါတီဟာ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်ရှိ ၄၅ မြို့နယ်ထဲက ၁၂၈ နေရာမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း  SNLD ပါတီက ရှမ်းပြည်နယ် လွှတ်တော်မှာ ၂၄ နေရာနဲ့  ပြည်ထောင်စုလွှတ်တော်မှာ ၁၃ နေရာ စုစုပေါင်း   ၃၇ နေရာအနိုင်ရခဲ့ပါတယ်။ နန်းစံပယ်/ Pra Jaw

A d v e r t i s e m e n t With Us

More News
Up