ကိုဗစ်-၁၉ လူနာသစ် ၁,၁၄၅ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၈ ဦးထပ်တိုး
DVB
·
November 12, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၁၄၅ ယောက်ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၈ ယောက်ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၈ ယောက်ထဲမှာ ၁၉ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၂၅၀ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၁၄၅ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၀၃၁ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၃၄၀ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၆၉၁ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြု လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁၀၆၂ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆၅၅၉၈ ယောက်၊ သေဆုံးသူ ၁၅၀၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၉၅၆၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၈ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၂ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းလောက်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၆ ဒသမ ၇ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။