ကိုဗစ်လူနာသစ် ၁၂၁၂ ဦးတွင် ရန်ကုန်က ၉၆၇ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရသူ ၃၀၃ ဦးပါဝင်
DVB
·
November 12, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၁၂ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၉၆၇ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၃ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ အင်းစိန် ၇၇ ယောက်၊ ကမာရွတ် ၇၃ ယောက်၊ မြောက်ဉက္ကလာပ ၇၂ ယောက်စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၁ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၂ ခုမှာ ၅၃ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၅ ခုမှာ ၄၉ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၁ ခုမှာ ၄၄ ယောက်၊ မကွေးတိုင်းမြို့နယ် ၆ ခုမှာ ၁၄ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၁၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုမှာ ၄၄ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၃ ခုမှာ ၆ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၄ ခုမှာ ၅ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၅ ခုမှာ ၁၀ ယောက်၊ နေပြည်တော်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၄ ခုမှာ ၆ ယောက်စီအသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၀၃ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစု ပေါင်း ၆၁,၉၇၅ ယောက်၊ သေဆုံးသူ ၁,၄၃၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၆,၆၆၁ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၂ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၆ ဒသမ ၇ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။