ရွေးကောက်ပွဲ ရလဒ်က ဘာအဓိပ္ပာယ်လဲ (ဆောင်းပါး)

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့က ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကအတိုင်းပဲ ပြည်သူတွေ လက်ရှိအာဏာရ ပါတီ NLD ကို တခဲနက် မဲပေးခဲ့ကြပါတယ်။  အစောပိုင်းခန့်မှန်းချက်တွေကတော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲဟာ ပါတီကြီး တစ်ခုတည်း သောင်ပြိုကမ်းပြို အနိုင်ရသွားနိုင်တဲ့ အခင်းအကျင်းမျိုး မဟုတ်ဘူးဆိုတဲ့ ခန့်မှန်းချက်ပါ။ ဒီလိုပါတီကြီး တစ်ခုတည်းက အနိုင်ရသွားတာမျိုး ဖြစ်မလာနိုင်အောင်လည်း တိုင်းရင်းသားပါတီတွေအနေနဲ့  ၂၀၁၅ ရွေးကောက်ပွဲ အလွန်ကာလတွေကတည်းက မဟာဗျူဟာ ကျကျ ချဉ်းကပ်ဆောင်ရွက်လာခဲ့တာလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာတဲ့အခါမှာတော့ လက်ရှိပါတီ NLD က အလားအလာ အများကြီးကောင်းနေတာကိုလည်း တွေ့ရပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းမှာတော့ NLD အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရဖွဲ့ခွင့်ရဖို့အတွက် လိုအပ်တဲ့ မဲအရေအတွက် ၃၂၂ မဲ နေရာရနေပြီလို့ ရွေးကောက်ပွဲ အောင်နိုင်ရေး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က  ပြောကြားလိုက်ပါပြီ။ ရွေးကောက်ပွဲရလဒ်နဲ့ အစိုးရသစ်ဖွဲ့စည်းရေး အစိုးရသစ်ကို ဖွဲ့စည်းမယ်ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အခြေတည်ပြီး ပြန်လည်ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၄၀ နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦး၊စုစုပေါင်း ၆၆၄ ဦး ရှိပါတယ်။ ဒီအထဲမှာမှ ပြည်သူလူထုက တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်က ၄၉၈ ဦး ဖြစ်ပြီးတော့ တပ်မတော်ဘက်က ကိုယ်စားလှယ်ကတော့ ၁၆၆ ဦးဖြစ်ပါတယ်။  ဒီလွှတ်တော် နှစ်ခုကို ပေါင်းပြီးတော့မှ ပြည်ထောင်စုလွှတ်တော်လို့ သတ်မှတ်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပြီးသွားပြီဆိုရင်တော့ အစိုးရမဖွဲ့ခင် နိုင်ငံတော်သမ္မတ တင်မြှောက်ဖို့ ဖြစ်လာပါပြီ။ နိုင်ငံတော်သမ္မတကို မတင်မြှောက်မီ၊ ပထမဦးဆုံး ပြည်သူ့လွှတ်တော်က ဒုသမ္မတ တစ်ဦး၊ အမျိုးသားလွှတ်တော်က  ဒုသမ္မတ တစ်ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ကနေ  ဒုသမ္မတတစ်ဦး စုစုပေါင်း ဒုသမ္မတ သုံးဦး အရင်တင်မြှောက်ရပါတယ်။ ပြီးတော့မှ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတကို မဲအနည်းအများနဲ့ ပြန်လည်ရွေးချယ်ကြရတာပါ။  တစ်ခါ နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး လွှတ်တော်က အတည်ပြုပေးရတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့သာမက ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရဲ့ ဝန်ကြီးချုပ်တွေကိုလည်းသက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထဲ ရွေးချယ်တင်မြှောက်ရပါတယ်။ ဒီလို သမ္မတတင်မြှောက်နိုင်ဖို့ဆိုရင် လွှတ်တော်နှစ်ရပ်ပေါင်း ၆၆၄ ဦးထဲက အရပ်သားကိုယ်စားလှယ် ၄၉၈ ဦး ရဲ့ ၆၇ ရာခိုင်နှုန်း ဖြစ်တဲ့ ၃၃၃ နေရာရမှ အစိုးရ ဖွဲ့နိုင်မှာဖြစ်ပါတယ်။  သမ္မတကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်လို့ ဆိုရမှာပါ။  ၂၀၂၀ ရွေးကောက်ပွဲ ရဲ့ ထူးခြားချက် ဒီ ၂၀၂၀ ပြည့်နှစ်မှာ ထူးခြားချက်ကတော့ မဲဆန္ဒနယ်တွေအားလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတာပါ။  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ဒီနှစ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာ ၂၂ နေရာ ရှိနေပါတယ်။ ဒီလို လစ်လပ်သွားတဲ့အတွက် ဒီနှစ် အစိုးရဖွဲ့နိုင်ဖို့ဆိုရင်  မူလ ၄၉၈ နေရာရဲ့  ၆၈ ရာခိုင်နှုန်း ဖြစ်တဲ့ ၃၂၂ နေရာ ရမှ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ တစ်ခါ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် ပြည်သူ့လွှတ်တော်အတွက် စုစုပေါင်း ကိုယ်စားလှယ် ၃၃၀ ဦးထဲမှာ တိုင်းဒေသကြီး ၇ ခုမှာ စုစုပေါင်း ကိုယ်စားလှယ်အရေအတွက် ၂၀၇ ဦးနဲ့   အမျိုးသားလွှတ်တော်အတွက် ၈၄ ဦး ရှိပါတယ်။ NLD အနေနဲ့ ဗမာ အများစုရှိနေတဲ့ တိုင်းဒေသကြီး ၇ ခုမှာ အများစု အနိုင်ရဖို့ လိုအပ်သလို ပြည်နယ်တွေရဲ့ မဲကို လိုအပ်နေပါတယ်။ ဒါမှ ၃၂၂ နေရာရပြီး အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။  ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ NLD ဘက်က လွှတ်တော်နှစ်ရပ်ပေါင်း ၃၉၀ ဦး အနိုင်ရရှိခဲ့တဲ့အတွက် လွယ်လွယ်ကူကူပဲ အစိုးရဖွဲ့နိုင်ခဲ့ကြပါတယ်။ ဒီလိုဆိုရင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက်  NLD အနိုင်ရခဲ့တဲ့ အနေအထားကို ပြန်ကြည့်ရမှာပါ။ တိုင်း ၇ တိုင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၀၇ ဦးနေရာမှာ ၁၉၈ ဦးအထိ အနိုင်ရရှိခဲ့ပြီး အမျိုးသားလွှတ်တော်အတွက် စုစုပေါင်း ၈၄ ဦး နေရာရှိတဲ့ အနက် ၈၂ ဦးအထိ အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင်  ပြည်နယ် မဲတွေနဲ့ ပတ်သက်ရင်လည်း  ပြည့်သူ့လွှတ်တော်အတွက် ၅၇ နေရာနဲ့  အမျိုးသားလွှတ်တော်အတွက် ၅၃ နေရာ အသီးသီး ရရှိခဲ့ကြပါတယ်။ ပြည်သူ့လွှတ်အတွက် အများဆုံးရရှိခဲ့တဲ့  ပြည်နယ်တွေကတော့ ကချင် ၁၂ နေရာနဲ့ ရှမ်း ၁၂ နေရာတို့ဖြစ်ပါတယ်။  အမျိုးသားလွှတ်တော်အတွက် အများဆုံးရရှိခဲ့တဲ့ ပြည်နယ်တွေကတော့ ကချင် ၁၀ နေရာ၊ ကရင် ၁၀ နေရာနဲ့  မွန် ၁၁ နေရာတို့ ဖြစ်ကြပါတယ်။  ၂၀၂၀ ရွေးကောက်ပွဲ အလွန် နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ လာမယ့် ၂၀၂၀ အလွန်မှာ NLD အစိုးရ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်တယ်ဆိုရင်တောင် နိုင်ငံရေးအရ အရွေ့တစ်ခုကို ဖန်တီးနိုင်ဖို့ဆိုရင် တိုင်းရင်းသားတွေနဲ့ အပေးအယူလုပ်ဖို့ လိုအပ်သလို တပ်မတော်နဲ့လည်း ညှိနှိုင်း ဆွေးနွေးနိုင်ဖို့ လိုတယ်ဆိုတဲ့ အမြင်တွေ ရှိကြပါတယ်။  ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ၂၀၂၀ အလွန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (Nationl Unity Government) ပေါ်ပေါက်လာဖွယ်ရှိတဲ့အကြောင်းနဲ့ အမျိုးသားညီညွတ်ရေးဆောင်ရွက်ချက်တွေ ဆက်လက် ထွက်ပေါ်လာမှာဖြစ်တဲ့အကြောင်း ပြောကြားထားတာလည်း ရှိပါတယ်။ ဒီအပေါ်မှာလည်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလို အမျိုးသားညီညွတ်ရေး အစိုးရတရပ် ဖွဲ့စည်းမယ်ဆိုတာဟာ အကျပ်အတည်း ဖြစ်လာနိုင်ခြေကို သိမြင်ပြီး၊ ဒါကို လက်ခံ ကျော်လွှားဖို့ ဖွဲ့တာမျိုးပဲ ဖြစ်သင့်ပြီး နိုင်ငံရေး အကျိုးစီးပွားအတွက် အသုံးချတဲ့ ရေတို ထွက်ပေါက်တစ်ခုတော့ မဖြစ်သင့်ဘူးလို့ သုံးသပ်နေကြတာပါ။ ဒီလိုတိုင်းရင်းသားပါတီတွေက မဟာဗျူဟာကျကျ လုပ်ဆောင်လာတယ်ဆိုတာကလည်း ရွေးကောက်ပွဲကတဆင့် တိုင်းရင်းသား ကိုယ်စားလှယ်လောင်းတွေ အများအပြားအနိုင်ရပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ဆိုတဲ့ မျှော်မှန်းချက်ပါ။  ဒါမှလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ လုပ်ငန်းစဉ်တွေ ရှေ့တိုးနိုင်မှာဖြစ်တယ် ဆိုတဲ့ ယုံကြည်ချက်တွေကြောင့်လို့ ဆိုရမှာပါ။  ယမင်းမြတ်အေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up