အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရသည့် အသက် ၁၇ နှစ်အရွယ် ဘယ်လင်ဟမ်

303
အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံရတဲ့ ဒေါ့မွန်ကွင်းလယ်လူ ဂျုဘယ်လင်ဟမ်ဟာ ရွန်းနီ၊ ဝဲလ်ကော့တို့လို အသက် ၁၇ နှစ်အရွယ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။
အရည်အသွေးမြင့် ကွင်းလယ်ကစားသမားဟာ လက်ရွေးစင်အသင်းကြီးမတိုင်ခင် အင်္ဂလန် ယူ-၁၇ အသင်းမှ ရွေးချယ်ခြင်းခံခဲ့ရသူပါ။ သူဟာ ယူ-၂၁ အသင်းအတွက် ၄ ပွဲ ကစားပေးထားပြီး ၁ ဂိုး သွင်းယူပေးထားပါတယ်။
ဘယ်လင်ဟမ်ရဲ့ ကစားသမားဘဝဟာ ၁၅ လအတွင်း သိသိသာသာ တိုးတက် ပြောင်းလဲလာခဲ့တာ ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၉ သြဂုတ်လကမှ ဘာမင်ဂမ်အသင်းအတွက် ပထမကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့သူပါ။
အဲဒီအချိန်တုန်းက ကစားသမားဟာ အသက် ၁၆ နှစ်အရွယ်သာ ရှိသေးပြီး ဘာမင်ဂမ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒေါ့မွန်အသင်းက ခေါ်ယူခံခဲ့ရပါတယ်။
ဂျာမနီမြေမှာလည်း ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် လက်ရွေးစင် နည်းပြဆောက်ဂိတ်ရဲ့ ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပြီး အိုင်ယာလန်၊ ဘယ်လ်ဂျီယမ်၊ အိုက်စလန်တို့ရဲ့ ကစားမယ့် ပွဲစဉ်တွေမှာ အသင်းကြီးအတွက် ကစားခွင့်ရရှိနိုင်ဖွယ် ရှိနေပါတယ်။
ဆောက်သမ်တမ် ကွင်းလယ်လူ ဝက်စ်ပရောက်၊ လီဗာပူး နောက်ခံလူ အာနိုးလ်တို့ ဒဏ်ရာကြောင့် အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရတာကြောင့် သူတို့နေရာမှာ အစားထိုးဖို့ ဘယ်လင်ဟမ်ကို ခေါ်ယူခဲ့တာ ဖြစ်တယ်လို့ အက်ဖ်အေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ကနဦးမှာ ဘယ်လင်ဟမ်ကို ယူ-၂၁ အသင်းအတွက် ရွေးချယ်ထားတာ ဖြစ်ပေမယ့် အခုချိန်မှာတော့ ကစားသမားဟာ အသင်းကြီးလူစာရင်းနဲ့ ပူးပေါင်းတော့မယ်လို့လည်း ဖော်ပြထားပါတယ်။
ဘယ်လင်ဟမ်အနေနဲ့ အခုလာမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ လက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်ရရှိမယ်ဆိုရင် သူဟာ အင်္ဂလန်အသင်းမှာ ကစားခွင့်ရတဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ပါမယ်။
လက်ရှိ ဆောက်သမ်တန်အသင်းမှာ ကစားနေတဲ့ အာဆင်နယ်နဲ့ အဲဗာတန် တောင်ပံကစားသမားဟောင်း သီယိုဝဲကော့ဟာ အသက်အငယ်ဆုံး အင်္ဂလန် လက်ရွေးစင် ကစားသမား ဖြစ်ပြီး ၂၀၀၆ ခုနှစ် ဟန်ဂေရီနဲ့ပွဲမှာ အသက် ၁၇ နှစ် ၇၄ ရက်နဲ့ ကစားခွင့်ရရှိခဲ့ပါတယ်။
ယူနိုက်တက် ဂန္ထဝင်ကစားသမား ရွန်းနီးက ဝဲလ်ကော့နောက်မှာ ရှိနေပါတယ်။ အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သူ ရွန်းနီဟာ သူ့ရဲ့ပထမဆုံးသော နိုင်ငံတကာ ပွဲထွက်ခွင့်ကို ၂၀၀၃ ဖေဖော်ဝါရီ သြစတြေးလျနဲ့ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။