Home
မြန်မာသတင်း
မိုးကုတ်မြို့အနီး ကျေးရွာများ TNLA စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများတိမ်းရှောင်
DVB
·
November 11, 2020
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးက ကျေးရွာတွေကို TNLA တအာင်းတပ်ဖွဲ့ရဲ့ စစ်ကြောင်းတွေက နို၀င်ဘာ ၇ ရက်မှာ  စတင်ရောက်ရှိလာပြီး ရွာအတွင်း ယာယီစခန်းချကာ ရိက္ခာနဲ့ ငွေကြေးတောင်းခံတာတွေ ရှိနေတာကြောင့် ဒေသခံရွာသားတွေ မိုးကုတ်မြို့ထဲကို တိမ်းရှောင်လာကြတယ်လို့  မျက်မြင်သက်သေ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ “TNLA တပ်ဖွဲ့တွေ ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလို နို၀င်ဘာလ ၇ ရက်နေ့က စရောက်လာတဲ့ သူတို့ရောက်နေတဲ့ရွာတွေမှာ ရိက္ခာတောင်းတယ်။ ကျောက်လုပ်ကွက်တွေကိုလည်း ဆပ်ကြေးတောင်းတယ်။ ပြီးတော့ မိုးကုတ်မြို့အတွင်းက လောင်းကစားဒိုင်အမျိုးသမီးကို ဆိုင်ကယ်တစ်စီး လူနှစ်ယောက်နဲ့ အဓမ္မလာဖမ်းခေါ်သွားပြီး သိန်း ၅၀၀ နဲ့ ပြန်ရွေးခိုင်းတယ်။ သိန်း ၂၅၀ နဲ့ ပေးလိုက်မှ ပြန်လွှတ်ပေးတယ်။ မြို့အတွင်းလည်း ဆပ်ကြေးတွေ လိုက်ကောက်နေ တယ်”လို့ ဒေသခံ ကိုမင်းမင်း ကပြောပါတယ်။ TNLA တအာင်းတပ်တွေ ရောက်ရှိလာပြီး ယာယီစခန်းချနေတဲ့ ကျေးရွာတွေကတော့ ပိန်းပြစ်အထက်ရွာ၊ ပိန်းပြစ်အောက်ရွာ၊ ချောင်းကြီးကုန်းစံရွာ၊ ချောင်း ကြီးကျောက်ဝါရွာ၊ ချောင်းကြီးမာနားအလယ်ရွာ၊ ချောင်းကြီးကုန်းစံရွာတွေဖြစ်ပါတယ်။ အဲ့ဒီကျေးရွာတွေက ပြည်သူတွေဟာ စိုးရိမ်းထိတ်လန့်ပြီး မိုးကုတ်မြို့ထဲကို တိမ်းရှောင်နေကြပါတယ်။ “ကျနော်တို့ မိုးကုတ်ဒေသဟာ အဖြူရောင်နယ်မြေပါ။ ဒီလို TNLA စစ်ကြောင်းလာတာမရှိခဲ့ဘူးဗျ။ ဆပ်ကြေးကောက် ရိက္ခာတောင်းတာလည်း မကြုံဖူးဘူး။ ဒီတော့ စိုးရိမ်ထိတ်လန့်ပြီး မြို့ထဲက အမျိုးအိမ်တွေမှာ လာနေကြတာပါ။ မကြောက်တဲ့သူတွေကတော့ မတိမ်းရှောင်ဘဲရွာမှာ နေနေကြတာလည်းရှိ တယ်။" လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။ TNLA တအာင်းတပ်ဖွဲ့က မြို့အတွင်း၀င်ရောက်ပြီး ငွေကြေးကောက်ခံတာ အဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေရှိနေတာကြောင့် မိုးကုတ်မြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူလူထုတွေလည်း စိုးရိမ်ထိတ်လန့်စိတ်တွေ ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး TNLA တအာင်းတပ်ဖွဲ့ရဲ့ ပြန်ကြားဌာနမှူး ဗိုလ်မှူးတာအိုက်ကျော်ကို ဆက်သွယ် အတည်ပြုဖို့ ခက်ခဲနေပါတယ်။ ဓာတ်ပုံ- ဒေသခံတစ်ဦး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024