Thursday, June 8, 2023
HomeLead Storyအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ နာဂေါ်နို-ခါရာဘတ်ဒေသတွင် ရုရှားတပ်များချထား

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ နာဂေါ်နို-ခါရာဘတ်ဒေသတွင် ရုရှားတပ်များချထား

ရုရှားအလံတွေ လွှင့်ထားတဲ့ တင့်ကားတွေနဲ့ တခြားစစ်ကားတွေ အတော်များများကို နာဂေါ်နို-ခါရာဘတ်ဒေသထဲက လာစင်မြို့နားက လမ်းပေါ်မှာ နိုဝင်ဘာ ၁၀ ရက်က တွေ့ရပါတယ်။

ရုရှားငြိမ်းချမ်းရေးတပ်တွေကို နာဂေါ်နို-ခါရာဘတ်ဒေသက တောင်တန်းတွေမှာ တာဝန်ချထားပေးပြီးပါပြီ။ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား တပ်တွေကြား သီတင်းပတ် ၆ ပတ်ကြာ အကြီးအကျယ် တိုက်ပွဲဆင်နွှဲနေတာကို အဆုံးသတ်ဖို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

သဘောတူညီချက်အရ အဇာဘိုင်ဂျန် အစိုးရဟာ တိုက်ပွဲအတွင်း သိမ်းပိုက်ရမိတဲ့ ဒုတိယအကြီးဆုံးမြို့ ရှုရှ အပါအဝင် နယ်မြေတွေကို သိမ်းပိုက်မှာ ဖြစ်ပါတယ်။

အခုနဲ့ ဒီဇင်ဘာ ၁ ရက်ကြားမှာ အာမေးနီးယား တိုင်းရင်းသားတပ်တွေဟာ တခြား နယ်မြေတွေ အများအပြားကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ လူထောင်ချီ သေဆုံးခဲ့တဲ့ ပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရေး လမ်းဖောက်ပေးသင့်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက လူ ၃၀,၀၀၀ သေဆုံးခဲ့ရတဲ့ ပဋိပက္ခမတိုင်ခင် နာဂေါ်နို-ခါရာဘတ် ဒေသမှာ အဇာရီတိုင်းရင်းသားတွေ လွှမ်းမိုးခဲ့ပြီး အဇာဘိုင်ဂျန်အတွက် သမိုင်းဝင် သိသာထင်ရှားတဲ့နေရာ ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အာမေးနီးယား တိုင်းရင်းသားတွေ လူများစု ဖြစ်လာပြီး အုပ်ချုပ်သူတွေလည်း အာမေးနီးယားလူမျိုးတွေ ဖြစ်လာခဲ့ပါတယ်။

အာမေးနီးယားလူမျိုးတွေအတွက် ရှုရှမြို့ဟာ ခါရာဘတ် ခရစ်ယာန်ဘုရားကျောင်းရှိရာ နေရာလည်း ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular