Homeမြန်မာသတင်း
အာဖရိက ဝက်အပြင်းဖျားရောဂါပိုးတွေ့၊ ပြည်ပမှ တရားမဝင်တင်သွင်းလာသည့် ဝက်ထွက်ပစ္စည်း မစားရန် သတိပေး
အာဖရိက ဝက်အပြင်းဖျားရောဂါပိုးတွေ့၊ ပြည်ပမှ တရားမဝင်တင်သွင်းလာသည့် ဝက်ထွက်ပစ္စည်း မစားရန် သတိပေး
DVB
·
November 11, 2020
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ အာဖရိက ဝက်အပြင်းဖျားရောဂါပိုးတွေ့ရပြီး ပြည်ပက တရားမဝင်တင်သွင်းလာတဲ့ ဝက်ထွက်ပစ္စည်းတွေကို မစားကြဖို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက သတိပေးလိုက်ပါတယ်။
တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာအုပ်စု၊ မယ်ဇလီကုန်းရွာက နေမကောင်းတဲ့ ဝက် ၂ ကောင်ရဲ့ ဓာတ်ခွဲနမူနာပစ္စည်းတို့ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်အရ အာဖရိက ဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုး မျိုးရိုးဗီဇတွေ့ခဲ့ပြီး ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE) ဆီကိုလည်း နိုဝင်ဘာ ၇ ရက်က သတင်းပို့ထားပြီလို့ ဆိုပါတယ်။
ဒီရောဂါဟာ လူကိုတော့ လုံးဝ မကူးစက်နိုင်ဘဲ တခြားဒေသတွေကို မပျံ့စေဖို့အတွက် ဝက်မွေးမြူရေးခြံတွေရဲ့ ဇီဝလုံခြုံမှုကို အထူးဂရုပြုမြှင့်တင်ဖို့၊ ဝက်ခြံတွေနဲ့ သားငါးဈေးတွေမှာ စနစ်တကျပိုးသတ်ဆေးဖျန်းတာကို ပုံမှန်လုပ်ဖို့၊ ဝက်တွေကို စားကြွင်း စားကျန်တွေကျွေးရင် အပူပြင်းပြင်း ချက်ပြုတ်ပြီးမှ ကျွေးဖို့၊ ခြံကို လူအဝင်အထွက် ထိန်းချုပ်ဖို့ တိုက်တွန်းထားပါတယ်။
ပြီးတော့ ပြည်ပကနေ တရားမဝင်တင်သွင်းလာတဲ့ ဝက်အရှင်၊ ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနဲ့ တခြား ဝက်ထွက်ပစ္စည်းတွေ တင်သွင်း ရောင်းချ စားသုံးတာ မလုပ်ဖို့လည်း ထုတ်ပြန်ထားပါတယ်။
တောဝက်နဲ့ အိမ်မွေးဝက်တွေ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးရင် နီးစပ်ရာအုပ်ချုပ်ရေး အဖွဲ့၊ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဆီကို ချက်ချင်း သတင်းပို့ဖို့လည်း နှိုးဆော်ထားပါတယ်။