မကွေးမြို့နယ်တွင် မဲရုံတာဝန်ထမ်းခဲ့သူ ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
November 10, 2020
မကွေးမြို့နယ်၊ ယင်းမာတောကျေးရွာမဲရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမတစ်ဦး နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ မြိုနယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီကနေ သိရပါတယ်။
ယင်းမာတောကျေးရွာမှာ မဲရုံအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမတစ်ဦးဟာ အနံမရလို့ ဒီကနေ့ဆေးရုံတက်ရောက်ပြီး Test Kit နဲ့စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တာလို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်က ပြောပါတယ်။
"အဲဒီမဲရုံမှာ ဆန္ဒမဲလာပေးတဲ့သူ ၉၀၀ ကျော်ရှိနေပြီးတော့ ကျေးရွာကို အသွားလာကန့်သတ်တာတွေပြုလုပ်ပြီးတော့ မဲရုံတာဝန်ကျဝန်ထမ်းတွေကိုတော့ Facility Quarantine ပြုလုပ်ကာ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ရယူပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးသွာမယ်လို့"ဆိုပါတယ်။
နိုဝင်ဘာလ ၁၀ ရက်မနက်မှာ ပိုးတွေ့ လူနာ ၄၂ ဦးရှိပြီးတော့ ညနေပိုင်းမှာ Test Kit နဲ့စစ်ဆေးချက်တွေအရ မကွေး၊ သရက်၊ စလင်းမြို့နယ်တွေမှာ အတည်ပြုလူနာ ၃ ဦး NHL ရဲ့ စစ်ဆေးချက်တွေအရ စလင်းမြို့နယ်မှာ ပိုးတွေလူနာ ၁ ဦး တွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မကွေးတိုင်းမှာ နိုဝင်ဘာလ ၁၀ ရက် ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၅၁ ယောက်တွေ့ရှိထားပြီး ဆေးရုံကဆင်ခွင့်ရတဲ့သူ ၆၅၆ ယောက်နဲ့ သေဆုံးသူ ၂ ယောက်ရှိတယ်လို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း-မင်းထီး