ကိုဗစ်လူနာသစ် ၅၉၈ ဦးတွင် ရန်ကုန်က ၄၄၃ ဦးဖြင့် အများဆုံးပါဝင်
DVB
·
November 10, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၅၉၈ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၄၄၃ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၄ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဉက္ကလာ ၇၁ ယောက်၊ လှိုင်သာယာနဲ့ မင်္ဂလာဒုံမြို့နယ်တွေက အယောက် ၅၀ စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၃၇ ခု ပါဝင်နေ တာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၁ ခုမှာ အယောက် ၅၀၊ ဧရာဝတီတိုင်းမြို့နယ် ၅ ခုမှာ ၂၄ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုမှာ ၂၉ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၄ ခုမှာ ၁၁ ယောက်၊ မကွေးတိုင်းမြို့နယ် ၆ ခုမှာ ၁၅ ယောက်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ၃ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၉ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၆ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၃ ခုမှာ ၄ ယောက်၊ နေပြည်တော်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ချင်းပြည်နယ် မင်းတပ်မြို့မှာ ၁ ယောက်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၁ ယောက်စီအသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၀၈ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစု ပေါင်း ၆၁,၉၇၅ ယောက်၊ သေဆုံးသူ ၁,၄၃၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၆,၆၆၁ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၁ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။