ရွှေကူမြို့နယ်တွင် ငွေကျပ် သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
November 10, 2020
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ငွေကျပ် သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သက်သေတွေနဲ့အတူ ရွှေကူမြို့နယ်၊ ညောင်ပင်ကွေ့ကျေးရွာနဲ့ နုတ်ချိုကျေးရွာသွားလမ်းပေါ်မှာ လှငြိမ်း (၃၄) နှစ် မောင်းနှင်ပြီး နိုင်မြင့် ၃၀ နှစ် လိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ်နဲ့ သက်လွင်ထွန်း မောင်းနှင်တဲ့ မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တာပါ။
လှငြိမ်း ပေါင်ပေါ်မှာ တင်ထားတဲ့ ဆာလာအိတ်အတွင်း ဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ကျပ်သိန်း ၇၇၀ တန်ဖိုးရှိ ဘိန်းဖြူ ၁.၁ ကီလို နဲ့ နိုင်မြင့်လွယ်ထားတဲ့ လွယ်အိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ ၁၉၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးတွေကို အတူတကွပူးပေါင်း သယ်ဆောင်လာတာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ရွှေကူမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေ ဖော်ထုတ် စစ်ဆေးနေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။