မြန်မာ ရွေးကောက်ပွဲ ငြိမ်းချမ်းစွာကျင်းပနိုင်သည့်အပေါ် နိုင်ငံတကာ ချီးကျူး
DVB
·
November 10, 2020
နိုဝင်ဘာ ၈ ရက်မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ နောက်ထပ် အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ဥပရောပသမဂ္ဂ (အီးယူ)က ကြေညာပါတယ်။
အထူးသဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုအခြေအနေတွေမှာ ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်မှုကို ချီးကျူးတဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့မဲဆန္ဒနယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ကို မျှော်လင့်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အခုရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ဦးတည်တဲ့လမ်းကြောင်းမှာ ထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့လည်း ယူကေအစိုးရက ထုတ်ပြန်ပါတယ်။
အလားတူ အမေရိကန်သံရုံးကလည်း ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အရေးပါတဲ့ နောက်ထပ်သမိုင်းမှတ်တိုင်ဆီသို ဆက်လျှောက်လှမ်းနေတဲ့ မြန်မာပြည်သူတွေကို ချီးကျူးဂုဏ်ပြုတယ်လို့ ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ရှိ ဆွစ်ဇာလန်သံရုံးကလည်း အထွေထွေရွေးကောက်ပွဲ ငြိမ်းချမ်းစွာကျင်းပနိုင်တဲ့အတွက် မြန်မာပြည်သူတွေကို ချီးကျူးဂုဏ်ပြုကြောင်းနဲ့ ဒါဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု နောက်ထပ်အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရေးတွေကို ကူညီပံ့ပိုးဖို့ မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်ပြုလုပ်ဖို့ မျှော်လင့်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ အကောင်အထည်ဖော် ကျင်းပနိုင်ခဲ့တဲ့အတွက် ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေနဲ့ မဲဆန္ဒရှင်တွေ မဲပေးခွင့်ရုပ်သိမ်းခံရမှုတွေဟာ စိုးရိမ်ပူပန်ရမယ့်အချက်တွေ ဖြစ်ပေမယ့်လည်း ရွေးကောက်ပွဲတွေဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်လို့ နော်ဝေသံရုံးက ထုတ်ပြန်ထားပါတယ်။