ကော့မှူးမြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်အနိုင်ရကြောင်း ကော်မရှင်အတည်ပြုကြေညာ
ပိုင်စိုး
·
November 10, 2020
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကော့မှူးမှာဝင်ပြိုင်တဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်လောင်း အားလုံး အနိုင်ရပြီး ကိုကိုးကျွန်းမှာတော့ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်နေရာအားလုံး နိုင်သွားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းလွှတ်တော် မဲဆန္ဒနယ် ၁ ကိုယ်စားလှယ်အဖြစ် ဒေါ်သန္တာအေး၊ တိုင်း ၂ ကိုယ်စားလှယ် ဦးဇော်မင်းအောင်တို့ ရွေးချယ်ခံခဲ့ရပါတယ်။
ကော့မှူးမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အယောက် ၉၈,၀၀၀ ကျော်ရှိပြီး မဲလာပေးသူ အယောက် ၇၇,၀၀၀ ကျော်ရှိရာမှာ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံမဲ ၆၃၀၀၀ ကျော်နဲ့ အနိုင်ရရှိခဲ့တာပါ။
ကိုကိုးကျွန်းမှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သော်၊ တိုင်းဒေသကြီး (၁) ကိုယ်စားလှယ်အဖြစ် ဦးမိုးမြင့်၊ တိုင်းဒေသကြီး (၂) ကိုယ်စားလှယ်အဖြစ် ဦးအောင်နိုင်တို့ ရွေးချယ်ခံရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း ကျောက်တံတား၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ ဒေါပုံနဲ့ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွေမှာလည်း အန်အယ်လ်ဒီက ကိုယ်စားလှယ်တွေ အနိုင်ရတယ်လို့ ထုတ်ပြန်ပါတယ်။
ဗိုလ်တထောင်၊ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တို့ရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်နေရာတွေကိုလည်း အန်အယ်လ်ဒီက ကိုယ်စားလှယ်တွေ အနိုင်ရသွားပါတယ်။