ဆီးဂိမ်းတွင် အိမ်ရှင်မြန်မာ အားကစားသမားအများဆုံး ယှဉ်ပြိုင်မည်

လာမယ့် ဒီဇင်ဘာမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းမှာ မြန်မာအသင်းက အားကစားသမားအများဆုံး ပါဝင်ယှဉ်ပြိုင်မယ်လို့ အာကစားဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့် အားကစားနည်း ၃၃ မျိုးအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ဖို့ ကစားသမား အရေအတွက် ၈၀၀ နဲ့ ၉၀၀ အကြား လျာထားပြီး ဒါဟာ နိုင်ငံအလိုက် အများဆုံး အရေအတွက် ဖြစ်တယ်လို့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောပါတယ်။ ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားအရေအတွက် အင်ဒိုနီးရှားက ၈၃၈ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး  ထိုင်းက ၈၂၇ ဦးနဲ့ တတိယ အများဆုံးရှိနေပါတယ်။ မလေးရှားက ၆၉၅ ဦး၊ ဗီယက်နမ်က ၆၉၃ ဦး၊ စင်ကာပူက ၅၅၀ ဦး၊ ဖိလစ်ပိုင် ၄၄၆ ဦး၊ လာအိုက ၃၈၈၊ ကမ္ဘောဒီးယားက ၂၇၇ ဦး၊ ဘရူးနိုင်းက ၁၈၈ ဦးနဲ့ အရှေ့တီမောက ၉၇ ဦး ၀င်ရောက်ယှဉ်ပြိုင်ဖို့ လျာထားပါတယ်။ ဒီစာရင်းတွေဟာ လျာထားစာရင်းသာဖြစ်ပြီး အနည်းငယ် အတိုးအလျှော့အပြောင်းအလဲ ရှိနိုင်သလို နောက်ဆုံး အပြီးသတ် စာရင်းအတိအကျကို လာမယ့် အောက်တိုဘာလောက်မှာ ထုတ်ပြန်ဖို့ ရှိနေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲကျင်းပဖို့  အဆင်သင့်ဖြစ်မှု ရှိမရှိ  အခြေအနေနဲ့ပတ်သက်ပြီး ဦးဌေးအောင်က အခုလို ရှင်းပြပါတယ်။ “ဖွဲ့စည်းထားတဲ့ ကော်မတီ ၁၄ ဖွဲ့ကတော့ ကော်မတီအလိုက် လုပ်ငန်းတာဝန်တွေကို စတင်ပြီးတော့ စမ်းသပ်ဆောင်ရွက်နေပါတယ်။  ဘယ်လိုစမ်းသပ်နေသလဲဆိုတော့ ဆီးဂိမ်းအကြို ပြိုင်ပွဲတွေ ကျနော်လုပ်နေပြီ။ တိုက်ကွန်တို၊ မြင်စီး စသဖြင့် တကယ် ပြိုင်ပွဲဝင်မယ့် အာဆီယံနိုင်ငံတွေက အားကစားသမားတွေကို ဖိတ်ခေါ်ပြီးတော့ ဆီးဂိမ်းအကြို ပြိုင်ပွဲတွေ ကျင်းပနေတယ်။ ကျင်းပတဲ့ အခါကျရင် သယ်ယူပို့ဆောင်ရေးကလည်း သူ့ကော်မတီက လုပ်ငန်းတွေလုပ်တယ်၊ ဆုချီးမြှင့်ရေး ကော်မတီကလည်း သူ့လုပ်ငန်းတွေ သူလုပ်တယ်၊ လုံခြုံရေးကလည်း သူအလုပ်သူလုပ်တယ်၊ ကျနော်တို့ အားကစားဝန်ကြီးဌာနကလည်းပဲ ပြိုင်ပွဲ အောင်နိုင်ရေးအတွက် လိုအပ်တဲ့ဟာတွေကို ကျနော်တို့ ပြိုင်ပွဲပြိုင်တယ်။ ကော်မတီအလိုက် တကယ့်ဆီးဂိမ်းကြီးမှာ ကော်မတီက လုပ်မယ့် လုပ်ငန်းတာဝန်တွေကို ဆီးဂိမ်းအကြိုပြိုင်ပွဲတွေမှာ ကျနော်တို့ စတင်လေ့ကျင့်ပေးနေတာပေါ့။” ပြီးခဲ့တဲ့ ၂၆ ကြိမ်မြောက် အင်ဒိုနီးရှား ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာက အားကစားသမား  ၄၄၇ ဦး စေလွှတ် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၆ ခုအပါအ၀င် ဆုတံဆိပ်ပေါင်း ၈၀ ရရှိခဲ့ပါတယ်။ အခု ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာက အားကစားသမား အရေအတွက် အများဆုံး ပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ရွှေတံဆိပ်တွေ တိုးလာနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ၀ါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေးက အခုလို သုံးသပ်ပါတယ်။ “ရွှေတံဆိပ် အများဆုံရနိုင်မှုကတော့ လူများများပြိုင်တာနဲ့ မဆိုင်ဘူး။ အဲဒီလူများများထဲမှာ ထူးချွန်ထင်ရှားတဲ့ အားကစားသမားတွေပါမှ ရွှေတံဆိပ်ကို ရနိုင်မယ်။ လူများတိုင်းလည်း ရွှေတံဆိပ်အများကြီး မရနိုင်ပါဘူး။ နေပြည်တော် ဆီးဂိမ်းမတိုင်ခင် ဂျကာတာ ဆီးဂိမ်းအထိ ရွှေတံဆိပ် ၂၀ ထက်မကျော်ဘဲ ရခဲ့တာ အကြိမ်ပေါင်းများပြီ။ နိုင်ငံအလိုက် သတ္တမအဆင့်မှာ တည်နေတဲ့ နှစ်တွေကများပြီ။ အဲဒီတော့ ဒီနှစ်မှာလည်း ကျနော်တို့ အထက်မှာ ရှိနေတဲ့ ဖီလစ်ပိုင်၊ စင်ကာပူတို့ကို ကျော်ပြီးတော့ အနည်းဆုံး စတုတ္ထနေရာလောက် ရစေချင်တယ်။ ရွှေတံဆိပ် ၆၀၊ ၇၀ လောက်ရမှ ဖြစ်မှာပါ။ အဲဒီလောက်အဆင့် ရဖို့ သင့်တယ်၊ အိမ်ရှင်လည်း ဖြစ်တယ်။ ဒါပေမယ့် လက်တွေ့ အကောင်းအထည်ဖော်မလား၊ မဖော်ဘူးလား နည်းနည်း စဉ်းစားရခက်တယ်။ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်အများဆုံးပေးတဲ့ ရေကူး၊ ပြေးခုန်ပစ်တို့ဆိုရင် ကျနော်တို့ တော်တော်လေး အားများတာ တွေ့ရတယ်။ ရွှေတံဆိပ် ၁၀၀ ကျော်ရပြီးတော့ နိုင်ငံအလိုက် ပထမရမယ်ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။” ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ကနေ၂၂ ရက်နေ့ အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်မှာ ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲ လုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက စီမံချက်ရေးဆွဲ ဆောင်ရွက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up