Live
Home
မြန်မာသတင်း
မြန်မာ့ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်နေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော
DVB
·
November 10, 2020
မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အမေရိကန်နိုင်ငံအနေနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ပြောလိုက်ပါတယ်။ နိုဝင်ဘာ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ သူက ခုလိုပြောလိုက်တာဖြစ်ပြီး အဲဒီထုတ်ပြန်ချက်ထဲမှာ စစ်အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက်ပိုင်း ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ မြန်မာ့ရွေးကောက်ပွဲဟာ ပြိုင်ဆိုင်မှုတွေရှိနေပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရေးကြီးတဲ့ အဆင့်တဆင့်အဖြစ် အမေရိကန်နိုင်ငံအနေနဲ့ အသိအမှတ်ပြုကြောင်း ကနဦးဖော်ပြထားတာပါ။ နိုဝင်ဘာ ၈ ရက်ကျင်းပတဲ့ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အခုနှစ်မှ ပထမအကြိမ် မဲပေးခွင့်ရရှိတဲ့ လူငယ်မဲဆန္ဒရှင်တွေအပါအဝင် သန်းပေါင်းများစွာသော မြန်မာပြည်သူတွေဟာ မှန်ကန်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ခဲ့ကြပြီး လတ်တလော ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ရင်ဆိုင်နေရချိန်မှာ စိန်ခေါ်မှုတွေကြားထဲက ခုလိုရွေးကောက်ပွဲကို ဖြစ်မြောက်အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသူတွေကို ချီးကျုးဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရတာမျိုးမရှိဘဲ လွှတ်တော်တွင်း အမတ်နေရာတော်တော်များများမှာ စစ်တပ်က ရယူထားတာ၊ ရိုဟင်ဂျာတွေ အပါအဝင် ဆန္ဒမဲပေးနိုင်ခွင့်မရှိတဲ့ အုပ်စုတွေ ရှိနေတာ၊ တချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မဲပေးပိုင်ခွင့် ဖျက်သိမ်းခံရတာ၊ နိုင်ငံသားဖြစ်မှုနဲ့ နေထိုင်မှုဆိုင်ရာ လိုအပ်ချက်တွေကြောင့် ကိုယ်စားလှယ်လောင်း အရည်အချင်းမပြည့်မီမှုဆိုတဲ့ သတ်မှတ်ချက်တွေဟာ ပိုပြီးတော့ ဒီမိုကရေစီ နည်းလမ်းတကျ အရပ်သားအစိုးရတရပ် ဖြစ်ပေါ်လာရေးအတွက် အတားအဆီးတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအပေါ် ဆက်လက်ပြီးတော့ အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဆန္ဒမဲစာရင်းဇယားတွေကို တိကျမှန်ကန်မှုရှိအောင် လုပ်ဆောင်ကြစေဖို့နဲ့ တိုင်ကြားချက်တွေကိုလည်း ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ယုံကြည်နိုင်လောက်တဲ့ ဖြေရှင်းဆောင်ရွက်မှုတွေနဲ့ လုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းတွေမှာ မြန်မာပြည်သူတွေရဲ့ မိတ်ဘက်နိုင်ငံအနေနဲ့ အမေရိကန်က ရှိနေကြောင်းနဲ့ အစိုးရသစ်နဲ့အတူ အားလုံးပါဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖို့၊ နိုင်ငံတဝန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရေရှည်တည်တံ့စေဖို့နဲ့ လူ့အခွင့်အရေးနဲ့ အားလုံးအတွက် အခြေခံကျတဲ့ လွတ်လပ်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာပါ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024