Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၁ သန်းကျော်ရှိ၊ မြန်မာတွင် ၆၁,၀၀၀ ကျော်လာ
DVB
·
November 10, 2020
တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅၁ သန်းကျော်နဲ့ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၀ သန်းကျော်နဲ့ သေဆုံးသူ ၂၄၄,၂၄၁ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၅ သန်းကျော်နဲ့ သေဆုံးသူ ၁၂၇,၁၀၄ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁၆၂,၆၂၈ ယောက်စီနဲ့ ထိပ်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။ အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူ ၄၀,၉၈၇ ယောက်၊ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၃၀,၇၉၃ ယောက်၊ စပိန်နိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၃၉,၃၄၅ ယောက်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၃၃,၅၆၀ ယောက်၊ ယူကေနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၄၉,၂၃၈ ယောက်၊ ကိုလံဘီယာနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၃၂,၇၉၁ ယောက်စီနဲ့ ရပ်တည်နေပါတယ်။ ဒါကြောင့်မို့ လတ်တလောအချိန်ထိ ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၉ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၂၄၅ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၅၉ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၆၉၂,၉၄၉ ယောက်၊ ၅၀၁,၇၃၃ ယောက်၊ ၄၄၀,၅၆၉ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၂၁,၉၂၁ ယောက်နဲ့ သေဆုံးသူ ၆,၀၉၂ ယောက် ရှိနေတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၉၈,၄၄၉ ယောက်နဲ့ သေဆုံးသူ ၇,၆၄၇ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ နိုဝင်ဘာ ၉ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆၁,၉၇၅ ယောက်၊ သေဆုံးသူ ၁,၄၃၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၄၆,၆၆၁ ယောက် ရှိနေပြီး အာဆီယံ နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၀၆၄ ယောက်နဲ့ သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၄၁,၁၈၁ ယောက်နဲ့ သေဆုံးသူ ၂၉၄ ယောက် ရှိပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃,၈၄၀ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၆၀ ယောက် ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၂၁၅ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၄၈ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၉၇ ယောက်နဲ့ ၂၄ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၃၆ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024