ဧရာဝတီနှင့် ပဲခူးတိုင်းတွင် နေ့ချင်းပြန်မဲလာပေးသူ လူ ၁၀၀ ကျော် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းမှာ နေ့ချင်းပြန် မဲလာပေးသူတွေကို စစ်ဆေးရာကနေ လူ ၁၀၀ ကျော်မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ခဲ့ရပါတယ်။ နေ့ချင်းပြန် မဲလာပေးသူတွေကို တိုင်းကျန်းမာရေးဦးစီးဌာနက COVID-19 Antigen Test Kit နဲ့ စစ်ဆေးတာ၊ အကာအကွယ်ပစ္စည်းပေးတာတွေ လုပ်ခဲ့ပြီး ဧရာဝတီတိုင်းထဲ ဝင်လာသူ ၃,၃၁၇ ယောက်ကို စစ်ဆေးရာမှာ ၇၉ ယောက်မှာ ပိုးတွေ့ခဲ့တယ်လို့ မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြပါတယ်။ ညောင်တုန်း မဲဇလီဂိတ်၊ မအူပင် ခတ္ထိယနဲ့ မြို့ဝင်ဂိတ်၊ ဒေးဒရဲတံတားဂိတ်၊ ကြံခင်း အုတ်ပုံဂိတ်၊ ရေကြည် ရေနံ့သာဂိတ်တို့မှာ နိုဝင်ဘာ ၈ ရက် မနက် ၅ နာရီကစပြီး ဌာနပေါင်းစုံပါတဲ့ စိစစ်ရေးအဖွဲ့တွေက ဝင်လာသူတွေကို မဲဆန္ဒရှင်စာရင်းမှာ ပါ၊ မပါ ကွန်ပျူတာနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အမည်ပါသူတွေကို  ကျန်းမာရေးဌာနက COVID-19 RDT Test Kit နဲ့ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ပိုးတွေ့သူတွေကို သတ်မှတ်ထားတဲ့ ဆေးရုံတွေကို ပို့ဆောင်ကုသနေပြီး ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ တိုင်းထဲမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၃ ယောက်ရှိပါတယ်။  ကျန်တဲ့ ၁၄ ယောက်ကတော့ တိုင်းထဲက ဆေးရုံတွေနဲ့ ကွာရန်တင်းစင်တာတွေကနေ စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ပဲခူးတိုင်းမှာတော့ ဝင်လာသူ ၁၁၂၂ ယောက်ကို စစ်ဆေးရာမှာ ၂၆ မှာ ပိုးတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ပဲခူးခရိုင်မှာ ၇ ယောက်၊ တောင်ငူခရိုင်မှာ ၃ ယောက်နဲ့ သာယာဝတီခရိုင်မှာ ၁၆ ယောက် တွေ့ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပဲခူးမြို့က ကိုဗစ်-၁၉  ရောဂါ ကုသရေးဆေးရုံတွေမှာ  အတည်ပြုလူနာ အယောက် ၂၂၀ ကျော် ရှိတယ်လို့လည်း ဆိုပါတယ်။ Photo : MRTV

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up