မင်းကင်းရွေးကောက်ပွဲရလဒ် မကျေနပ်သဖြင့် ကြံ့ခိုင်ရေးပါတီက မြို့နယ်ကော်မရှင်ထံ တင်ပြ
DVB
·
November 9, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ မဲရလဒ်တွေဟာ မဲရုံတချို့မှာ မဲမသမာမှုတွေနဲ့ ဥပဒေနဲ့ မညီညွတ်လို့ ကျေနပ်မှုမရှိတာကြောင့် ပြန်လည်စိစစ်ပေးဖို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးက မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို တင်ပြထားပါတယ်။
မင်းကင်းမြို့နယ်မှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် စတဲ့ နေရာအားလုံးမှာ အန်အယ်လ်ဒီပါတီက အနိုင်ရရှိထားတယ်လို့ မင်းကင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။
မင်းကင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဝင်က “သူတို့က မကျေနပ်မှု လောက်ပဲရှိတယ်။ ဘယ်နေရာ၊ ဘယ်မဲရုံဆိုတာ အတိကျမပါတဲ့အတွက် ခရိုင်ကော်မရှင်ရဲ့ လမ်းညွှန်မှုကို ခံယူတင်ပြသွားမယ်” လို့ ပြောပါတယ်။
အမျိုးသားလွှတ်တော်မှာ အန်အယ်လ်ဒီပါတီက ၄၁,၀၈၈ မဲနဲ့ ကြံ့ခိုင်ရေးပါတီက ၂၈,၂၄၀ မဲ၊ ပြည်သူ့လွှတ်တော်မှာ အန်အယ်လ်ဒီပါတီက ၃၉,၁၂၄ မဲနဲ့ ကြံ့ခိုင်ရေးပါတီက ၂၇,၅၃၅ မဲ၊ တိုင်းဒေသကြီး (၁) မှာ အန်အယ်လ်ဒီပါတီက ၂၀,၃၂၁ မဲနဲ့ ကြံ့ခိုင်ရေးပါတီက ၁၁,၃၉၉ မဲ၊ တိုင်းဒေသကြီး (၂) မှာ အန်အယ်လ်ဒီပါတီက ၁၈,၄၃၆ မဲနဲ့ ကြံ့ခိုင်ပါတီက ၁၅,၄၄၈ မဲ ရရှိထားတယ်လို့ ဆိုပါတယ်။
မင်းကင်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က ကိုယ်စားလှယ်ဦးရေ ၁၈ ဦး ဝင်ပြိုင်တာ ဖြစ်ပါတယ်။
၂၀၁၀ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်လစ်လပ်နေရာရွေးချယ်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်နေရာနဲ့ တိုင်းဒေသကြီး ၂ လွှတ်တော်နေရာတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့တာဖြစ်ပြီး အမျိုးသားလွှတ်တော်နေရာနဲ့ တိုင်းဒေသကြီး ၁ လွှတ်တော်နေရာတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေရာအားလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။
မင်းကင်းမြို့နယ်မှာ မဲပေးနိုင်တဲ့ဦးရေ ၈၈,၁၂၀ ဦးထဲမှာ မဲလာပေးသူပေါင်း ၇၁,၄၃၅ ဦးရှိပြီး မဲလာပေးတဲ့ရာခိုင်နှုန်းက ၈၁ ဒသမ ၀၆ ရာခိုင်နှုန်းရှိတယ်လို့ မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုက ပြောပါတယ်။
သတင်း - ဌေးလှိုင်