မင်းကင်းရွေး​ကောက်ပွဲရလဒ် မကျေနပ်သဖြင့် ကြံ့ခိုင်ရေးပါတီက မြို့နယ်​ကော်မရှင်ထံ တင်ပြ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ က​လေးခရိုင်၊ မင်းကင်းမြို့နယ်မှာ   မဲရလဒ်တွေဟာ မဲရုံတချို့မှာ မဲမသမာမှုတွေနဲ့ ဥပ​ဒေနဲ့ မညီညွတ်လို့ ​ကျေနပ်မှုမရှိတာ​ကြောင့် ပြန်လည်စိစစ်ပေးဖို့ ကြံ့ခိုင်ရေးပါတီ လွှတ်​တော်ကိုယ်စားလှယ်လောင်း ၃ ဦးက မြို့နယ်​ကော်မရှင်အဖွဲ့ခွဲကို တင်ပြထားပါတယ်။ မင်းကင်းမြို့နယ်မှာ အမျိုးသားလွှတ်​တော်၊ ပြည်သူ့လွှတ်​တော်၊ တိုင်း​ဒေသကြီးလွှတ်​တော် စတဲ့ ​နေရာအားလုံးမှာ အန်အယ်လ်ဒီပါတီက အနိုင်ရရှိထားတယ်လို့ မင်းကင်းမြို့နယ် ​ကော်မရှင်အဖွဲ့ခွဲရုံးက​ ​သိရပါတယ်။ မင်းကင်းမြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဝင်က “သူတို့က မ​ကျေနပ်မှု​ လောက်ပဲရှိတယ်။ ဘယ်​နေရာ၊ ဘယ်မဲရုံဆိုတာ အတိကျမပါတဲ့အတွက် ခရိုင်​ကော်မရှင်ရဲ့ လမ်းညွှန်မှုကို ခံယူတင်ပြသွားမယ်” လို့ ​ ပြောပါတယ်။ အမျိုးသားလွှတ်​တော်မှာ အန်အယ်လ်ဒီပါတီက ၄၁,၀၈၈ မဲနဲ့ ကြံ့ခိုင်ရေးပါတီက ၂၈,၂၄၀ မဲ၊ ပြည်သူ့လွှတ်​တော်မှာ အန်အယ်လ်ဒီပါတီက ၃၉,၁၂၄ မဲနဲ့ ကြံ့ခိုင်ရေးပါတီက ၂၇,၅၃၅ မဲ၊ တိုင်း​ဒေသကြီး (၁) မှာ အန်အယ်လ်ဒီပါတီက ၂၀,၃၂၁ မဲနဲ့ ကြံ့ခိုင်ရေးပါတီက ၁၁,၃၉၉ မဲ၊ တိုင်း​ဒေသကြီး (၂) မှာ အန်အယ်လ်ဒီပါတီက ၁၈,၄၃၆ မဲနဲ့ ကြံ့ခိုင်ပါတီက ၁၅,၄၄၈ မဲ ရရှိထားတယ်လို့ ဆိုပါတယ်။ မင်းကင်းမြို့နယ်မှာ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ၊ ပြည်​ထောင်စု​ ကောင်းကျိုး​ဆောင်ပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီ​ညွတ်​ရေးပါတီတို့က ကိုယ်စားလှယ်ဦး​ရေ ၁၈ ဦး ဝင်​ပြိုင်တာ ဖြစ်ပါတယ်။ ၂၀၁၀ မှာ ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီက ​အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၂ ကြားဖြတ်​ရွေး​ကောက်ပွဲမှာ ပြည်သူ့လွှတ်​တော်လစ်လပ်​နေရာ​ရွေးချယ်ပွဲမှာ အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။  ၂၀၁၅ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ​တော့ ပြည်သူ့လွှတ်​တော်​နေရာနဲ့ တိုင်း​ဒေသကြီး ၂ လွှတ်​တော်​နေရာ​​တွေမှာ ပြည်​ထောင်စုကြံ့ခိုင်​ရေးနဲ့ဖွံ့ဖြိုး​ရေးပါတီက အနိုင်ရရှိခဲ့တာဖြစ်ပြီး အမျိုးသားလွှတ်​တော်​နေရာနဲ့ တိုင်း​ဒေသကြီး ၁ လွှတ်​တော်​နေရာ​တွေကို အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။  ၂၀၂၀ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ​တော့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီက ​နေရာအားလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။ မင်းကင်းမြို့နယ်မှာ မဲ​ပေးနိုင်တဲ့ဦး​ရေ ၈၈,၁၂၀ ဦးထဲမှာ မဲလာ​ပေးသူ​​ပေါင်း ၇၁,၄၃၅ ဦးရှိပြီး မဲလာ​ပေးတဲ့ရာခိုင်နှုန်းက ၈၁ ဒသမ ၀၆ ရာခိုင်နှုန်းရှိတယ်လို့ မင်းကင်းမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးဆန်းဗိုက​ ပြောပါတယ်။ သတင်း - ဌေးလှိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up