Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အနိုင်ရ
DVB
·
November 9, 2020
၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ က ဝင်ရောက်အရွေးချယ်ခံတဲ့ ​လူကယ်ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မဲအပြတ်အသတ်နဲ့ ပြန်လည်အနိုင်ရရှိတယ်လို့ ညောင်လေးပင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ ဖြစ်တဲ့ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေကို  မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာလို့ ဆိုပါတယ်။ ဒေါက်တာဝင်းမြတ်အေးအပြင် ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်တွေမှာ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်နေရာနေရာတွေအတွက် ရွေးကောက်ပွဲဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေလည်း မဲအပြတ်အသတ် အနိုင်ရရှိခဲ့တယ်လို့ လက်ရှိအမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်က ဒီဗွီဘီ ကိုပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှုံးခဲ့တဲ့ ကျေးရွာတွေပါ မဲအပြတ်အသတ်နဲ့ ပြန်လည်အနိုင်ရရှိခဲ့တာဖြစ်ပြီ ၂၀၁၅ တုန်းကထက် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိမှု ရာခိုင်နှုန်းပိုများခဲ့တယ်လို့ ဆိုပါတယ်။ “အေးအေးချမ်းချမ်းနဲ့ပဲ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့တယ်။ မဲရုံတွေမှာတာဝန်ကြတဲ့ ဆရာ ဆရာမတွေ၊ မဲရုံမှူးတွေ၊ လုံခြုံရေးအဖွဲ့တွေ၊ Volunteer တွေ၊ မဲဆန္ဒရှင်ပြည်သူတွေကို အထူးပင်ကျေးဇူးတင်ပါတယ်" လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။ ညောင်လေးပင်မြို့နယ်က ကျေးရွာအုပ်စု ၆၁ အုပ်စုလုံး အပြတ်အသတ်နိုင်ခဲ့ပြီးတော့ ကျောက်တံခါးမြို့နယ်က ကျေးရွာအုပ်စု ၆၄ စုမှာ ၆၃ အုပ်စု အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ညောင်လေးပင်မြို့နယ်က မဲပေးပိုင်ခွင့်ရှိသူ ၁၆,၄၀၀၀ ကျော်မှာ ၉၀,၀၀၀ ဝန်းကျင်မဲပေးခဲ့ ​ကြပြီး ကျောက်တံခါးမြို့နယ်က မဲပေးပိုင်ခွင့်ရှိသူ ၂ သိန်းကျော်မှာ ၁ သိန်းကျော် မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ မဲရလဒ်တွေနဲ့ ပတ်သက်​​ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင် အတည်ပြု ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။  နေလင်းထိုက် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024