လားရှိုးမြို့တွင် အန်အယ်လ်ဒီပါတီက လွှတ်တော်သုံးရပ်လုံး အနိုင်ရနေ
DVB
·
November 9, 2020
ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်မှာရှိတဲ့ မဲရုံပေါင်း ၆၀ အနက် မဲရုံ ၄၀ ရဲ့ မဲစာရင်းကို ရေတွက်ရမှာ အန်အယ်လ်ဒီပါတီက လွှတ်တော်သုံးရပ်လုံးမှာ အနိုင်ရရှိနေတယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီပါတီက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် (၂ ) နေရာလုံးမှာ မဲပေါင်း ၆၀၀၀ အထက် အသားစီးရနေတယ်လို့ လားရှိုးမြို့နယ် အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးချစ်လွင်က ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။
လားရှိုးမြို့နယ် ကျေးရွာမဲရုံတွေရဲ့ မဲစာရလဒ်တွေမှာလည်း အခြေအနေ ကောင်းနေတယ်လို့ ဆိုပါတယ်။ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးရွာတွေက မဲစာရင်းတွေတော့ ပေးပို့လာတာ မရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိမှာ အန်အယ်လ်ဒီပါတီက ဦးဆောင်နေပြီး ဒုတိယနေရာမှာတော့ ကြံ့ခိုင်ရေး ပါတီဖြစ်ပြီး တတိယနေရာမှာတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပါတီ ရှိနေပါတယ်။
လက်ရှိအချိန်ထိ ကြိုတင်မဲတွေကို ရေတွက်နေဆဲဖြစ်ပြီး ကြိုတင်မဲမှာ မဲရုံမှူးလက်မှတ်တွေ ပါနေတာကြောင့် ပယ်မဲတွေ များနေပါတယ်။
ဒါ့အပြင် ဘယ်ပါတီကိုမှာ ဆန္ဒမဲမပေးကြတဲ့ မဲလက်မှတ်တွေလည်း များနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ဦးအောင်ဝင်းကပြောပါတယ်။
လားရှိုးမြို့နယ်မှာ မဲရုံပေါင်း ၁၄၅ ရုံ၊ မဲပေးပိုင်ခွင့်ရှိတဲ့ဦးရေ နှစ်သိန်းနှစ်သောင်းကျော်ရှိပါတယ်။
ပြည်သူစစ်တွေ လက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ နယ်မြေတွေက ကျေးရွာတွေနဲ့ လက်ပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာအများစုက မဲစာရင်းတွေလည်း ရေတွက်နေဆဲဖြစ်ပါတယ်။
ခွန်ဇော်ဦး