ဝက်လက်မြို့နယ်တွင် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရ
DVB
·
November 9, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအားလုံး အနိုင်ရတယ်လို့ အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးအဖွဲ့ဆီက သိရပါတယ်။
“ဒီရောက်ပြီးသားစာရင်းရော မရောက်သေးတဲ့ရွာတွေက ဖုန်းသတင်းတွေအရရော ပေါင်းရင်တော့ ပြည်သူ့လွှတ်တော်နေရာ၊ အမျိုးသားလွှတ်တော်နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၁ နဲ့ ၂ နေရာတွေအားလုံး ဆန္ဒမဲ ၉၀ ရာခိုင်နှုန်းခန့်အထိ အနိုင်ရရှိတယ်” လို့ ပါတီအောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၉ ရက် မနက် ၄ နာရီအချိန်အထိ ရေတွက်ပြီးသား ဆန္ဒမဲထုတ်တွေကို ဝက်လက်မြို့နယ် ထွေအုပ်ရုံးကို လာပို့နေကြတာမှာ မဲရုံပေါင်း ၁၀၀ ကျော်အထိ ရောက်ရှိပြီး ဖြစ်ပါတယ်။
ဝက်လက်မြို့နယ်မှာ ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၉ အုပ်စုရှိပြီး၊ ကျေးရွာပေါင်း ၂၃၄ ရွာရှိတာဖြစ်ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၇၀,၀၀၀ သိန်း ကျော်ရှိပါတယ်။
၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတုန်းကလည်း အန်အယ်လ်ဒီပါတီကပဲ ဆန္ဒမဲ ၇၀ ရာခိုင်နှုန်းလောက်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း- အောင်စံလင်း