Home
မြန်မာသတင်း
ဇီးတောရွာသားများ အဖမ်းခံရ
အေးနိုင်
·
August 6, 2013
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဇီးတောရွာဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းပြီး ရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒီကနေ့ အရုဏ်မတက်ခင် ၂ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ ရဲအထူးသတင်းတပ်ဖွဲ့က လူ နှစ်ဒါဇင်လောက်က ကျောင်းကို ၀င်ရောက်စီးနင်းပြီး ၄ ဦးကို  ရိုက်နှက် ဖမ်းဆီးသွားတာလို့ ဇီးတောရွာဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးအာလောကက မိန့်ကြားပါတယ်။ ဦးမောင်တူးနဲ့ ဦးတင်လင်းတို့ ၂ ဦးကို လက်နောက်ပြန်လက်ထိတ်ခတ် ဆိုင်ကယ်နဲ့ တင်ဆောင်သွားပြီး ကိုဖိုးကုလားနဲ့ ကိုရဲထက်အောင်တို့ ၂ ဦးကတော့   ပူးတွဲ ချည်နှောင်ထားတာကြောင့် ရုန်းပြီး ပြန်ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဆရာတော်က မိန့်ပါတယ်။ ဖမ်းခံရသူတွေဟာ ဒီနေ့ လကွယ်နေ့ ဥပုသ်အတွက် ဆန်ပြုတ်ကြိုဖို့ ကျောင်းမှာ ညအိပ်စဉ် ဖမ်းခံရတာလို့ ဆိုပါတယ်။ ဖမ်းဆီးစဉ်မှာ အကြမ်းပတမ်းပြုမူဆက်ဆံပုံကို ဦးဇင်းက ခုလို မိန့်ပါတယ်။ “ရဲထက်အောင်တို့ ဖိုးကုလားတို့ဆိုတာ ဦးဇင်းရဲ့ကျောင်းမှာ အိပ်ကြတာ။ အဲဒီလူတွေကိုလည်း မင်းတို့မှောက်မှောက်လို့ ပြောပြီးတော့ လက်ထိတ်ခတ်၊ ပြီးတော့ နောက်စေ့တွေ ပိတ်ကန်တယ်။ ပါးတွေ ဘယ်ပြန်ညာပြန် ရိုက်တယ်။ နဖူးလည်း ပိတ်ကန်ခံရတယ်။ ဘွတ်ဖိနပ်ကို မချွတ်ပဲ ဦးဇင်းအခန်းကို အိပ်နေလားဆိုပြီးတော့ မှန်ကိုခွဲပြီးတော့ သော့ကိုလည်း ဖွင့်ကြည့်သွားတယ်။ မှန်တွေလည်း ရိုက်ခွဲသွားတယ်။” အာဏာပိုင်တွေအနေနဲ့ ဦးမောင်တူးတို့ ဦးတင်လင်းတို့ကို ဘယ်နေရာ ခေါ်ဆောင်တယ် ဆိုတာ မိသားစုကို အကြောင်းကြားအသိမပေးတဲ့အတွက် စိုးရိမ်ပူပန်နေတယ်လို့ ဦးဇင်းက မိန့်ပါတယ်။ ဒီလူတွေက သူတို့ကို ပုန်ကန်တော်လှန်နေသူတွေလည်း မဟုတ်ဘူး။ တောင်သူလယ်သမားတွေ ဖြစ်တယ်။ သူတို့မှာ ဘာပုဒ်ထီး၊ ပုဒ်မမှလည်း မရှိဘူး။ ခု သူတို့ကို ဖမ်းဆီးသွားတယ်။ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်နေကြသလဲ။ ရိုက်နှက်ခံကြရသလား၊ ဘယ်လိုများ လုပ်မလဲဆိုတာ အားလုံးက စိုးရိမ်နေကြတဲ့အပိုင်းတွေ ရှိနေတာပေါ့/” ၀င်ရောက်စီးနင်းရှာဖွေမှု၊ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးသူတွေရဲ့ သတင်း နောက်ဆက်တွဲ သိရဖို့ ရဲကို မေးဖို့ ကြိုးစားဆဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024