Home
မြန်မာသတင်း
ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ၃ ယောက်ကို အမှုဖွင့်ထားဟု ကော်မရှင်ပြော
DVB
·
November 8, 2020
ဧရာဝတီတိုင်းထဲမှာ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၃ ယောက်ကို ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ အမှုဖွင့်ခံထားရသူတွေက ကျုံပျော်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်လွင်၊ တိုင်းလွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ က ကိုယ်စားလှယ်လောင်း ဦးသန်းငွေနဲ့ တိုင်းလွှတ်တော်မဲဆန္ဒနယ်အမှတ်-၂ က ကိုယ်စားလှယ်လောင်း ဦးမြသောင်းတို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဆန္ဒမဲပေးတာကို ပျက်ပြားအောင်၊ ရွေးကောက်ပွဲပျက်ပြားအောင်ရည်ရွယ်ပြီး သူတို့ ရွေးကောက်တင်မြှောက်ခံရရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့ကို မမှန်မကန်စွပ်စွဲတာတွေ တွေ့ရှိခဲ့ရတာကြောင့် အခုလို အမှုဖွင့်အရေးယူတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်က ဧရာဝတီတိုင်း မအူပင်မြို့နယ် အမှတ် ၈ ရပ်ကွက်နေ မဲဆန္ဒရှင် မပုံပုံကို အမှတ် ၇ ရပ်ကွက်၊ မဲရုံ ၂ မှာ တကြိမ်၊ အမှတ် ၈ ရပ်ကွက် မဲရုံ ၁ မှာ တကြိမ်၊ စုစုပေါင်း ၂ ကြိမ်မဲပေးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် အရေးယူခဲ့ပြီး  မွန်ပြည်နယ် ရေးမြို့နယ်မှာလည်း ပြည်ခိုင်ဖြိုးပါတီက မဲရုံအကူကိုယ်စားလှယ် ဒေါ်နုနုဝင်းဆီကနေ UEC တံဆိပ်မပါတဲ့ တံဆိပ်တုံးတခု၊ တံဆိပ်မပါတာတခုကို တွေ့ခဲ့ရတာကြောင့် အရေးယူထားတယ်လို့ ဆိုပါတယ်။ သူတို့ကိုတော့ သက်ဆိုင်ရာရဲစခန်းတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆‌၈ တို့အပြင် လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈၊ ၅၉ တို့နဲ့ပါ အမှုဖွင့်ထားတယ်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ နဲ့ ၄၆၈ တို့ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပြီး လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈၊ ၅၉ တို့ကတော့ ကျူးလွန်ကြောင်း စီရင်ခံရရင် ထောင်ဒဏ်အများဆုံး ၁ နှစ်၊ ငွေဒဏ်အများဆုံး ၁ သိန်း၊ ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံး ကျခံရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024