Live
Home
မြန်မာသတင်း
မီးနင်းချောင်းစစ်ဆေးရေးဂိတ်တွင် ပိတ်မိနေသူ ၄၀ ခန့် မဲပေးခွင့်ဆုံးရှုံး
DVB
·
November 8, 2020
ပဲခူးတိုင်းအတွင်း မြို့နယ်တွေက တခြားဒေသတွေကို အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မိသားစုဝင်တွေကို ကျေးရွာတွေကလက်မခံတဲ့အတွက် နေရပ်ပြန်ခွင့်မရဘဲ ပဲခူးတိုင်းအဝင် မီးနင်းချောင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်ပိတ်မိနေတဲ့ အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၄၀ လောက် မဲပေးခွင့်မရဖြစ်နေတယ်လို့ သိရပါတယ်။ နေရပ်ပြန်ခွင့်မရတဲ့ မိသားစုဝင်တွေကတော့ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ကဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက အသိမပေးဘဲပြန်လာပါက တရားစွဲဆို ထောင်ချမယ်လို့ ပြောဆိုတာတွေကြောင့် မပြန်ရဘူးလို့ ကြို့ပင်ကောက်မြို့နယ်နေ ဒေါ်တင်ဝင်းက ပြောပါတယ်။ “နိုင်ငံရေးအကြောင်း မသိပေမယ့် သူများတွေ မဲထည့်နေတဲ့အချိန်မှာ ပြည်သူတစ်ယောက် အနေနဲ့ တာဝန်ကျေချင်တယ်။ ကျေးရွာက လက်မခံတာကြောင့် မဲထည့်ခွင်မရတဲ့ ဝမ်းနည်းမိတယ်”လို့  ပထမဆုံးအကြိမ်မဲပေးရမယ့်သူ ကြို့ပင်ကောက်မြို့နယ်နေ မအိခိုင်က ပြောပါတယ်။ ကျေးရွာကို ပြန်ရောက်ခဲ့ပေမဲ့ လက်မခံဘဲ မောင်းထုတ်ခံခဲ့ရပြီး အတင်းပြန်ဝင်လာပါက တရားစွဲဆိုတာတွေ ပြုလုပ်မယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပြီး ဘယ်အချိန်ပြန်ခေါ်မယ်ဆိုတာကိုလည်း အတိအကျမသိရဘူးလို့ သာယာဝတီမြို့နယ်   စံရွှေးကျေးရွာနေ နေရပ်ပြန်ခွင့်မရသူ ပြောပါတယ်။ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရဲမြင့်က “ကိုဗစ်ကာလမှာ မဲရုံမှူးအချို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် အခက်အခဲတွေဖြစ်ပေါ်နေပြီး နေရပ်ပြန်တွေ လက်မခံရဲတဲ့အတွက် ဒီနေ့တစ်ရက်တော့ ပဲခူးတိုင်းအဝင်မှာ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပြီးမှ အဝင်ခံမှာဖြစ်ပြီး ရောဂါပိုးတွေ့ရှိခဲ့ရင်တော့ ကျန်းမာရေးစင်တာတွေကို ပို့ဆောင်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ သာယာဝတီခရိုင်အတွင်း မဲပြန်ပေးမယ့်သူတွေကို ပဲခူးတိုင်းအဝင် မီးနင်းချောင်းမှာ ကျန်းမာရေးစစ်ဆေးတာတွေကို မနက် ၆ နာရီအချိန်ကနေ စတင်လုပ်ဆောင်ပေး နေတာ အခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၉ ဦးရှိတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း - မေသွယ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024