ရွေးကောက်ပွဲရလဒ်ကို မိမိနေအိမ်မှသာ စောင့်ကြည့်ကြရန် ကော်မရှင် မေတ္တာရပ်ခံ   

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံပိုင်မီဒီယာတွေနဲ့ ကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်ကနေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပြီး လူစုလူဝေး မဖြစ်စေဖို့ မိမိနေအိမ်မှသာ စောင့်ကြည့်ကြဖို့  မဲဆန္ဒရှင်ပြည်သူတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၆ ရက်နေ့မှာ မေတ္တာရပ်ခံ ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံပိတ်ပြီးနောက် မဲရုံတွေနဲ့ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ ဆန္ဒမဲရေတွက်ခြင်းကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ကြမှာဖြစ်ပြီး ရလဒ်ပုံစံတွေကို သက်ဆိုင်ရာ မဲရုံတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ အချိန်နဲ့ တပြေးညီ ကပ်ထားကြေညာပေးသွားမယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ အမည်ကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်တင်မြှောက်ခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ စာရင်းကို  နိုင်ငံပိုင်ရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာ၊ UEC Website နဲ့ Facebook ကနေ ကြေညာမယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်တွေ ရေတွက်ချိန်မှာ သတ်မှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ လူစုလူဝေး မဖြစ်စေဖို့အတွက် မိမိနေအိမ်မှသာ စောင့်ကြည့်ရယူခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံထားပါတယ်။ PHOTO-UEC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up