ကိုဗစ်-၁၉ လူနာသစ် ၁,၃၄၂ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၄ ဦးထပ်တိုး
DVB
·
November 6, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၃၄၂ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၄ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၄ ယောက်ထဲမှာ အယောက် ၂၀ က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၅ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄,၄၄၉ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၃၄၂ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၀၉၉ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၂၅၃ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၈၄၆ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၀၅၃ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၉,၂၇၇ ယောက်၊ သေဆုံးသူ ၁,၃၇၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၃,၂၇၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။