ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် ပြင်သစ်ကုန်သွယ်ရေးရုံး ဖွင့်လှစ်
DVB
·
August 1, 2013
ပြင်သစ်နဲ့ မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် ပြင်သစ်ကုန်သွယ်ရေးဝန်ကြီင်္းကိုယ်တိုင် ရန်ကုန်မြို့မှာ ပြင်သစ်ကုန်သွယ်ရေးရုံးကို ဇူလိုင် ၃၁ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
ပြင်သစ်အစိုးရရဲ့ကုန်သွယ်ရေးရုံးကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့တာပါ။ အဓိကရည်ရွယ်ချက်ကတော့ ပြင်သစ်နဲ့ မြန်မာစီးပွားရေးဆက်ဆံမှု ပိုမိုကောင်းမွန်လာပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးရဲ့အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ပြောပါတယ်။
ဒါပေမယ့် မြန်မာ့ကုန်သွယ်မှုကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေနဲ့ အဓိက ကုန်သွယ်မှုရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့ကုန်သွယ်မှုရေစီးကြောင်းဟာ ပြောင်းလဲလာနိုင်သလားဆိုတာနဲ့ စပ်လျဉ်းပြီး စီးပွားရေးမူဝါဒရေးရာပညာရှင် ဒေါက်တာအောင်ကိုကိုက အခုလိုပြောပါတယ်။
“ဘယ်နိုင်ငံနဲ့ ကုန်သွယ်ရမလဲဆိုတော့ အရင်တုန်းက ကျနော် အိမ်နီးချင်းနိုင်ငံတွေဆီက ကုန်သွယ်တဲ့နိုင်ငံလည်း ဖြစ်ခဲ့တယ်။ အဲဒီကနေပြီးတော့ ကျနော်တို့ အမေရိကန်၊ ဥရောပ နိုင်ငံတွေနဲ့ ကုန်သွယ်မယ့်နိုင်ငံတွေ ဖြစ်လာမယ်၊ ဂျပန်နိုင်ငံတို့ ကုန်သွယ်မယ့်နိုင်ငံတွေ ဖြစ်လာမယ် ဆိုတော့ အဲဒါအရေကြီးတယ်၊ ကုန်သွယ်တဲ့ ကုန်ပစ္စည်းအမျိုးအစား ထုတ်လုပ်နိုင်မှု စွမ်းအားလည်း အရေးကြီးသလို တဖက်ကလည်း ကုန်သွယ်မယ့်နိုင်ငံတွေလည်း အရေးကြီး တယ်၊ မိမိနိုင်ငံအပေါ်ကို နည်းပညာ အကူအညီပေးနိုင်တယ်၊ မိမိနိုင်ငံက ပြည်သူတွေ စားသုံးတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ အရည်အသွေး ပြည့်တဲ့ ကုန်ပစ္စည်းတွေကို ရောင်းချပေးနိုင်မယ့် နိုင်ငံတွေပေါ့နော်။ အဲဒီလိုနိုင်ငံတွေက အရေးကြီးတာပေါ့။ အဲဒီနိုင်ငံကြီးတွေ ကုန်သွယ်ဘက်နိုင်ငံတွေ ဖြစ်လာမယ်ဆိုရင် ပိုပြီးကောင်းသွားမှာပေါ့။ ကုန်သွယ်ဘက်နိုင်ငံတွေကို ကျနော် အမျိုးအမည်ပြောင်းအောင် လုပ်ရမယ်၊ ကုန်တွေရဲ့ အမျိုးအမည်တွေလည်း ပြောင်းသွားနိုင်တယ်၊ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကိုယ့်နိုင်ငံရဲ့ ပို့ကုန်တွေပေါ့နော်။ ကိုယ့်နိုင်ငံကပို့တဲ့ ကုန်အမျိုးအမည်တွေကိုလည်း ပြောင်းနိုင်အောင် ကြိုစား ယူရမှာပေါ့နော်။”
အရင်ကတော့ မြန်မာနှင့်ပြင်သစ် စီးပွားရေးဆက်ဆံမှုက နီးနီးကပ်ကပ်မရှိခဲ့ပေမယ့် အခုချိန်မှာတော့ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု ပိုမိုနီးကပ်လာမယ်လို့မျှော်လင့်ကြောင်း သူက ပြောပါတယ်။
“အရင်စစချင်းကတော့ သိပ်များများစားစား မရှိခဲ့ဘူး။ ကုန်သွယ်တဲ့အခါမှာ ပြင်သစ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကလည်း သိပ်များများစားစားမရှိဘူး၊ ရင်းနှီးမြှုပ်နှံမှုကနေတဆင့် ကုန်သွယ်မှု ဆိုတာလည်း ဖြစ်နေသေးတယ်။ နောက်တခုက ကျနော်တို့နိုင်ငံ ထုတ်လုပ်မှုပမာဏ သွင်းတဲ့နိုင်ငံတွေပေါ့။ ပြင်သစ်နိုင်ငံအနေနဲ့ များများစားစားမရှိခဲ့ဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ကျနော်ထင်တယ်။”
မြန်မာနဲ့ ပြင်သစ်နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၁၅ သန်းရှိပြီးတော့ မြန်မာဘက်က ပို့ကုန်အနေနဲ့ အထည်ချုပ်၊ ရေထွက်ကုန်နဲ့ သစ်အချောထည်တို့ တင်ပို့မှု ရှိခဲ့ပါတယ်။ အလားတူ သွင်းကုန်မှာတော့ ပြင်သစ်နိုင်ငံဆီက လူသုံးကုန်ပစ္စည်းတွေကို အဓိက တင်သွင်းမှု ရှိနေပါတယ်။