Home
ဆောင်းပါး
Any Questions?ရန်ကုန်တိုင်းအစီအစဉ်(ပထမပိုင်း) 
DVB
·
November 6, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမအကြိမ် မဲပေးကြမယ့် လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး တာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Questions?  အစီအစဉ်ကို DVB TV ကနေ တင်ဆက်ပေးနေရာမှာ  ဒီတပတ်အတွက် ရွေးချယ်ထားတာကတော့  ရန်ကုန်တိုင်းအစီအစဉ် ပထမပိုင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ကျမ နေရီရီနဲ့အတူ ဦးနေဇော်နိုင်နဲ့ နွယ်နီတင်မောင်တို့က တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ ရန်ကုန်မြို့ဟာ မြန်မာ့သမိုင်းစာအုပ်လည်း ဖြစ်တယ်၊ ဖြတ်သန်းရာခေတ်တွေလည်း ဖြစ်တယ်၊ ဥက္ကလာပ ပြည်လည်း ဖြစ်ခဲ့တယ်။ တစ်ဗိုလ်တစ်မင်း စစ်ခင်းခဲ့တဲ့ စစ်ပဒေသရာဇ်တို့ရဲ့ တောင်ငူခေတ်၊ ဟံသာဝတီခေတ်၊ ကုန်းဘောင်ခေတ်တို့ကိုလည်း ဖြတ်သန်းခဲ့တယ်။ ကိုလိုနီလက်အောက်လည်း နေခဲ့ဖူးတယ်၊ သမိုင်းတလျှောက် စစ်တလင်းလည်း ဖြစ်ခဲ့ဖူးတယ်။ ယမ်းနံ့တွေနဲ့ ဖုံးလွှမ်းခဲ့ဖူးသလို၊ ရွှေတိဂုံစေတီတော်ရဲ့ ဆည်းလည်းသံနဲ့လည်း ကြည်နူးခဲ့ရဖူးတယ်။ ဓမ္မရနံ့နဲ့ မေတ္တာပန်းတို့ မွှေးပျံ့ခဲ့ဖူးတယ်။ ခေတ်ကာလ အသွေးအရောင်နဲ့ သမိုင်းရေးအမြင်တွေပြည့်နေတဲ့ မြို့တော်ကြီး တစ်ခုပါပဲ။ ပုဂံခေတ်ကတော့ ရန်ကုန်ဟာ ဇနပုဒ်လေးတစ်ခုပေါ့။ ဒလဟာ ခံတပ်မြို့ဖြစ်ခဲ့တယ်။ ပုဂံနဲ့ ကူးလူးဆက်ဆံရာမြို့ပေါ့။ ရန်ကုန်ကို တံငါရွာလေးတစ်ခုမျှသာ ယူဆခဲ့ကြတယ်။ အဲဒီဒေသကို ရန်ကုန်လို့ မခေါ်မီက မွန်တွေက လဂမ်းမြို့လို့ ခေါ်သတဲ့။ လဂမ်းမြို့ကို အခြေပြုပြီး ကိုးကွယ်ရာစေတီကိုလည်း ကျိုက်လဂမ်းစေတီလို့ ခေါ်ခဲ့ကြတာပေါ့။ အေဒီ ၇၄၆ ကနေ စတင်အုပ်စိုးခဲ့တဲ့ ပဲခူး၊ ဟံသာဝတီမင်း လက်ထက်မှာတော့ လဂမ်းမြို့ကို အရာမဏမြို့လို့ နာမည်ပြောင်းခဲ့ဖူးသေးတယ်။ ဒါပေမယ့် အဲဒီအမည်ဟာ မတွင်ကျယ်ခဲ့ပါဘူး။ သက္ကရာဇ် ၁၅၃၉ ထဲ ရောက်တော့ တပင်ရွှေထီးက လဂမ်းမြို့ကို သိမ်းပိုက်ပြီး မြို့ရွာအမည်တွေကို မြန်မာမှုပြုရာက လဂန်းမြို့ကို ဒဂုံမြို့အဖြစ် သတ်မှတ်ခဲ့တယ်။ ကျိုက်လဂမ်းစေတီကိုလည်း ဒဂုံဆံတော်ရှင်ဘုရားလို့ ပြောင်းလဲခေါ်ခဲ့တယ်လို့ သမိုင်းတချို့ကဆိုပါတယ်။ ဆရာကြီး ဦးဖေမောင်တင်ကတော့ တြိကုမ္ဘ (Trikumba) အဲဒီက ဒဂုံသို့လည်းကောင်း၊ အဲဒီက လဂန်းသို့လည်းကောင်း အဆင့်ဆင့် ပြောင်းလာတယ်လို့ မွန်ဘာသာနဲ့ ရေးထားတဲ့ ကျိုက်လဂွန်းဓာတ်တော်မွေတော်သမိုင်းကို အခြေပြုပြီး ဖော်ပြခဲ့ဖူးတယ်။ တကယ်တော့ လဂမ်းမြို့ခေါ် ဒဂုံမြို့ဟာ မိချိုဘုလို့ ငယ်မည်ရတဲ့ ရှင်စောပု ၁၂ နှစ်သမီးကတည်းက အပိုင်စားရခဲ့တဲ့ မြို့ပါ။ ဟံသာဝတီဘုရင်မကြီးအဖြစ် ထီးနန်းစိုးစံပြီးတဲ့နောက် ကျိုက်လဂမ်းစေတီတော်မြတ်ကြီး အနီးအနားမှာပဲ တရားအားထုတ်ရင်း ကံတော်ကုန်ရှာသတဲ့။ သူ ဘုရင်မကြီးအဖြစ် စိုးစံတာဟာ ဝိတိုရိယ ဘုရင်မကြီးထက် စောတာပေါ့။ ကျိုက်လဂမ်းစေတီတော်မြတ်ကို တိုးချဲ့ပြုပြင်မွမ်းမံရင်း လှူဒါန်းခဲ့တဲ့ ဘုရင်မရဲ့ သရဖူခေါင်းစောင်းတော်ကြီးကတော့ ပထမ အင်္ဂလိပ် - မြန်မာစစ်အပြီး အင်္ဂလန်ရောက်ရှိ သွားခဲ့တာ အခုအချိန်အထိ ဝိတိုရိယပြတိုက်နဲ့ အဲလ်ဘတ်ပြတိုက်တို့မှာ မြင်တွေ့နိုင်ပါတယ်။ ဒီလိုနဲ့ ၁၇၅၅ ခုနှစ်မှာတော့ အလောင်းမင်းတရားကြီး ဒဂုံကိုစစ်အောင်ပြီးတဲ့နောက် မေလ ၂ ရက်နေ့မှာပဲ ရန်အပေါင်းက ကင်းစင်သွားပြီ ဖြစ်တဲ့အတွက် ရန်ကုန်လို့ အမည်ပြောင်းလိုက်ပါတယ်။ တပြိုင်တည်း ဆိပ်ကမ်းမြို့အဖြစ် သတ်မှတ်လိုက်တယ်။ ရန်ကုန်မြို့ဟောင်းတည်ရာက သိပ်တော့ မကျယ်လှပါဘူး။ အရှေ့ဘက်မှာ သိမ်ဖြူလမ်း၊ အနောက်ဖက်မှာ လမ်း ၃၀ အထိ၊ တောင်ဘက်က ရန်ကုန်မြစ်ပေါ့။ မြောက်ဘက်က ကုန်သည်လမ်းအထိဘဲ။ အဲဒီမြို့ကို သစ်တပ်မြို့အဖြစ် သစ်လုံးတွေနဲ့ ကာရံတည်ဆောက်ခဲ့တာ။ သစ်တပ်မြို့အပြင်မှာတော့ တပ်ကလေးလို့ခေါ်တဲ့ ဆင်ခြေဖုံးရပ်ရှိတယ်။ ရန်ကုန်ကို အင်္ဂလိပ်တို့က ကာနယ်ဆိုင်းမ် အလိုအတိုင်း ၁၇၉၅ ကတည်းက Rangoon လို့ ခေါ်တယ်။ ဒါကလည်း ရခိုင်အသံထွက်ကို ဖလှယ်ထားတာလို့ ဆိုပါတယ်။ သာယာဝတီမင်းလက်ထက်ရောက်တော့ တိဂုံဆံတော်ရှင်ကို ပြုပြင်ရင်း အဝေးရောက်မြို့ဝန် ဦးကျော်ရွေးဟာ ကန်တော်ကြီးကို တူးဖော် ဆယ်တော်မူခဲ့တယ်လို့ ဆိုပါတယ်။ သာယာဝတီမင်းက အောင်မြင်ရန်နှင်မြို့ဆိုပြီး မြို့တည်ခဲ့သေးတယ်။ အောင်မြင်ရန်နှင်မြို့နဲ့ ဘုရင့်လှေဆိပ်တို့ အဝင်အထွက်လုပ်ရာလမ်းကို လမ်းမတော်လမ်းလို့ ခေါ်ခဲ့ကြတာ အခုအချိန်အထိပါပဲ။ ဒဂုံဆံတော်ရှင်ကိုလည်း ၁၉၅၀ ပြည့်နှစ် ဝန်းကျင်လောက်ကမှ ရွှေတိဂုံဆံတော်ရှင်အဖြစ် ရွှေတပ်ခေါ်ခဲ့ကြဟန် ရှိတယ်လို့ သုံးသပ်ချက်တွေလည်း ရှိရဲ့။ ၁၈၅၂ ခုနှစ် အင်္ဂလိပ် - မြန်မာ ဒုတိယစစ်ပွဲနဲ့ အောက်မြန်မာပြည်ဟာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သလို၊ ရန်ကုန်မြို့ဟာလည်း အင်္ဂလိပ်ကိုလိုနီ ဖြစ်လာတော့တယ်။ ချောင်းမြောင်း အင်းအိုင်နဲ့ ကုန်းမြင့်တွေ များပြားလွန်းလှတဲ့ ရန်ကုန်မျက်နှာပြင်ကို မြေဖို့၊ မြေညှိပြီး ၁၈၅၃ ခုနှစ်မှာ မြို့ကွက်ဖော်ခဲ့တယ်။ စင်ကာပူမှာ မြူနီစပယ်လုပ်ခဲ့ဖူးတဲ့ မောင်ဂိုမာရီက ဆူးလေဘုရားကို ဗဟိုချက်ထားလို့ မြို့ကွက်ကို စစ်တုရင်ကွက်အတိုင်း ရေးဆွဲပေးတာကိုပဲ ဖရေဇာက ဖြည့်စွက်ပုံဖော်ပြီး ခေတ်မီမြို့တစ်ခု တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဗမာဘုရင်ရဲ့ သစ်တပ်မြို့နေရာတဝိုက်ကိုတော့ အင်္ဂလိပ်တို့ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးတွေအဖြစ် အသွင်ပြောင်းလိုက်တော့တယ်။ ဒါကတော့ ကျနော်တို့ Any Questions? အဖွဲ့သားတွေ စုစည်းတင်ဆက်ထားတဲ့ ရန်ကုန်ပုံရိပ် ပထမပိုင်း ဖြစ်ပါတယ်။ ဆိုတော့ ဒီကာလမှာ၊ ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းကာလမှာ ကျနော်တို့ ဆက်သွယ်ရတာ၊ အလုပ်လုပ်ရတာတွေကလည်း တော်တော်လေး ခက်ခဲပါတယ်။ ပြီးတော့ စစ်တမ်းကောက်ယူတာတွေလည်း ကျနော်တို့ အတော်လေး ခက်ခက်ခဲခဲကြားကနေပြီးတော့ ဆောင်ရွက်ရတာပါ။ ဒါကြောင့် အခုလို တက်ရောက်လာကြတဲ့ ကျနော်တို့ ပထမအကြိမ်မဲပေးမယ့် လူငယ်တွေရော၊ ပါတီတွေရဲ့ ကိုယ်စားလှယ်အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျနော်ဆက်ပြီးတော့ ကျနော်တို့ Any Questions? အဖွဲ့သားတွေနဲ့ ဒီဗီဘီက ရရှိထားတဲ့ စစ်တမ်းတချို့ကို တင်ပြပေးချင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်လို့ ပြောရင် ရပါတယ်။ ဆိုတော့ ရန်ကုန်တိုင်းဒေသကြီးမှာ မဲဆန္ဒရှင်ဦးရေက ၅၆ သိန်း ရှိပါတယ်။ အဲဒီအထဲမှာ ပထမအကြိမ်မဲပေးမယ့် လူကတော့ ၇ သိန်း ရှိပါတယ်။ နောက် အဲဒီအထဲမှာ မသန်စွမ်းမဲဆန္ဒရှင်က ၁၁၀၀၀ ရှိပါတယ်။ အဲဒီတော့ ရန်ကုန်တိုင်း ဒေသကြီးမှာ မဲရုံအရေအတွက်တွေကို ပြန်ကြည့်လို့ရှိရင် ၅၇၀၀ ရှိပါတယ်။ နိုင်ငံရေးပါတီ ၄၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီးတော့ မဲဆန္ဒနယ်ပေါင်းကတော့ ၁၄၉ မဲဆန္ဒနယ် ရှိပါတယ်။ ဆိုတော့ လွှတ်တော်အလိုက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီနဲ့ ကိုယ်စားလှယ်ဦးရေတွေကို ကျနော်တို့ပြန်ပြီးတော့ တင်ပြပေးချင်ပါသေးတယ်။ ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာကတော့ ကိုယ်စားလှယ်လောင်း ၇၀ ရှိပါတယ်။ နောက် ကျနော်တို့ မဲဆန္ဒနယ် ၁၂ နယ်ရှိပြီးတော့ ပြည်သူ့လွှတ်တော်အတွက် ပါတီပေါင်း ၁၅ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း အားလုံးထဲမှာ အမျိုးသား၊ အမျိုးသမီး ပါဝင်မှု အချိုးအစားကို ပြန်ပြီးတော့ ပြောရရင်တော့ အမျိုးသမီးက ၁၇. ၁၄ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အမျိုးသားကတော့ ၈၂. ၈၆ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဲဒီတော့ အမျိုးသားလွှတ်တော်ကို ကျနော်တို့ ပြန်ကြည့်မယ်ဆိုလို့ရှိရင်၊ အမျိုးသားလွှတ်တော်မှာဆိုရင် ကျနော်တို့ ကိုယ်စားလှယ်လောင်း ၇၀ ဝင်ရောက်ယှဉ်ပြိုင်မယ်၊ မဲဆန္ဒနယ် ၁၂ နယ်၊ ပါတီပေါင်း ၁၅ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီ အမျိုးသားလွှတ်တော်မှာလည်း အမျိုးသား၊ အမျိုးသမီး ပါဝင်မှု အချိုးအစားကို ကြည့်မယ်ဆိုရင် အမျိုးသမီးက ၁၇.၁၄ ရာခိုင်နှုန်းနဲ့ အမျိုးသားက ၈၂.၈၆ ရာခိုင်နှုန်း ပါဝင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး ကျနော်တို့ တိုင်းဒေသကြီး လွှတ်တော်။ တိုင်းဒေသကြီး လွှတ်တော်အတွက်ကို ရန်ကုန်တိုင်းဒေသကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၅၈၅ ယောက် ရှိပါတယ်။ မဲဆန္ဒနယ်က ၉၂ နယ်ရှိပြီးတော့ ဝင်ပြိုင်မယ့်ပါတီပေါင်းကတော့ ၃၇ ပါတီ ရှိပါတယ်။ ဒီ တိုင်းဒေသကြီး လွှတ်တော်အတွက်လည်း အမျိုးသား၊ အမျိုးသမီး ပါဝင်မှုကတော့ အမျိုးသမီး ၂၅.၉၈ ရာခိုင်နှုန်း၊ အမျိုးသားကတော့ ၇၄.၀၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ မနေရီရီ ဆက်ပြီးတော့ တင်ပြပေးပါဦး။ ဟုတ်ကဲ့ပါ။ ကျမတို့ ဒီနေ့ ဒီအစီအစဉ်ကို အွန်လိုင်းပေါ်ကစစ်တမ်းတွေရယ်၊ နောက်ပြီးတော့ မြို့တွေက လိုက်ပြီး ကောက်ယူထားတဲ့ စစ်တမ်းတွေနဲ့ ကျမတို့က ပါတီတွေကို ဖိတ်ခဲ့တာ ဖြစ်ပါတယ်။ ဖိတ်တဲ့နေရာမှာလည်း ကျမတို့ကပေါ့နော် လက်လှမ်းမီသမျှ ကောက်ယူထားတာ ဖြစ်ပါတယ်။ ဆက်သွယ်ဖို့ ခက်ခဲတဲ့ဒေသတွေက လွဲပြီးတော့ ကောက်ယူထားတဲ့ စစ်တမ်းတွေ ဖြစ်ပါတယ်။ အဲဒီစစ်တမ်းတွေအရပဲ ကျမတို့ ပါတီတွေကို ဖိတ်ခဲ့ပါတယ်။ အဲဒီတော့ ဒီနေ့ဖိတ်ခဲ့တဲ့ ပါတီတွေကတော့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူ့ပါတီတို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာပေါ့နော် ကျမတို့ ဒီ Any Questions? Facebook မှာလည်း ကြေညာထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ဒီအစီအစဉ်ကို တက်ရောက်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီနေ့ တက်လာတဲ့ ပထမဆုံးအကြိမ်မဲပေးမယ့် လူငယ်တွေကို ဒီနေရာကနေပြီး တစ်ခါတည်းပဲ တောင်းပန်ပါရစေရှင်။ ဟုတ်ကဲ့ပါ။ အဲဒီတော့ ပထမဆုံး တက်လာတဲ့ကိုယ်စားလှယ်တွေကနေပြီးတော့ တစ်ဦးကို ၂ မိနစ်စီလောက် ပါတီမိတ်ဆက်စကား ပြောပေးသွားမှာ ဖြစ်ပါတယ်ရှင့်။ အဲဒီတော့ ပထမဆုံး အနေနဲ့ကတော့ ပြည်သူ့ရှေ့ဆောင် ပါတီပေါ့နော်။ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပါတီမိတ်ဆက်စကားလေး ပြောပေးပါဦးရှင့်။ ကျေးဇူးပါရှင့်။ ဒီဗီဘီကိုကျေးဇူးအများကြီး တင်ပါတယ်။ ပါဝင်ကြတဲ့လူငယ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ ပါဝင်ဆွေးနွေးကြတဲ့ ပါတီတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျမတို့ပါတီကတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ပရိုဂရမ်မက်တစ် Programmatic ပါတီအနေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ Programmatic ပါတီ ဆိုတာကတော့ မူဝါဒနဲ့ လုပ်ငန်းလမ်းစဉ် အတိအကျရှိတဲ့ ပါတီဖြစ်တယ်။ နောက်ပြီးလို့ရှိရင် ကျမတို့ပါတီမှာ ဦးဆောင်တဲ့ သူတွေကတော့ နယ်ပယ်အသီးသီးမှာရှိတဲ့ တတ်သိပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ အတွေ့အကြုံ ရင့်ကျက်သူတွေ၊ လူငယ်အမျိုးသမီး ပညာတတ်တွေ၊ ပြီးလို့ရှိရင် တိုင်းရင်းသားတွေနဲ့ စုပေါင်းပါဝင်တာ ဖြစ်ပြီးတော့မှ ကျမတို့က စုပေါင်းဦးဆောင်ခြင်းနဲ့ သွားမယ့်ပါတီ ဖြစ်ပါတယ်ရှင့်။ အဲဒါကြောင့်မို့လို့ ကျမတို့က ကိုယ့်ပါတီရဲ့ ဆောင်ပုဒ်လေးပေါ့နော်။ ပါတီကို ပြည်သူလူထုနဲ့ မိတ်ဆက်တုန်းက ဆောင်ပုဒ်ကတော့ ကျမတို့က တစ်သင်းလုံးကန်မည် ပီပီပီပေါ့နော်။ ဒါ လူတိုင်းလူတိုင်းက အရေးကြီးတယ်ဆိုတာကို ကျမတို့က ပြောတာဖြစ်ပါတယ်။ ပြည်သူလူထုရော၊ အစိုးရရော၊ နိုင်ငံရေးပါတီတွေရော၊ CSO တွေ အကုန်လုံး အရေးကြီးတယ်ဆိုတာကို ကျမတို့ ပြောချင်တာ ဖြစ်ပါတယ်။ နောက်တစ်ခုကကျတော့ ကျမတို့ပါတီမှာ လူငယ်တွေကို၊ လူငယ်တွေရဲ့ နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကဏ္ဍကို ကျမတို့ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ အာမခံထားတဲ့ပါတီဖြစ်ပါတယ်ရှင့်။ ပြီးလို့ရှိရင် ကျမတို့ရဲ့ ရွေးကောက်ပွဲဆောင်ပုဒ်ကတော့ လူထုဘဝအဓိကပေါ့နော်။ လူထုဘဝအဓိက၊ လူတိုင်းအတွက် ဝင်ငွေ၊ လူတိုင်းအတွက် အလုပ်အကိုင်၊ လူတိုင်းအတွက် အနာဂတ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျမတို့ ရွေးကောက်ပွဲ ယှဉ်ပြိုင်ပြီးတော့မှ ကျမတို့ရဲ့ မူဝါဒကတော့၊ အဓိကကတော့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ခြင်းက နေပြီးတော့မှ ကျမတို့ ငြိမ်းချမ်းခြင်းကို သွားမယ်ဆိုတဲ့ ပုံစံနဲ့ ကျမတို့ လုပ်တာဖြစ်ပါတယ်။ နောက် ကျမတို့မှာ ဒီ Programmatic ပါတီ ဖြစ်တာနဲ့ အညီပေါ့နော်၊ စုစုပေါင်း လုပ်ငန်းလမ်းစဉ် ၆၈ ရပ်၊ လူမှုဘဝအဓိက လုပ်ငန်းလမ်းစဉ် ၆၈ ရပ်ဆိုပြီးတော့ ကျမတို့က ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်း ဖြစ်သလို၊ ပြည်သူလူထုကို ရွေးကောက်ပွဲမှာပေးတဲ့ ကတိကဝတ် ဖြစ်ပါတယ်ရှင့်။ ဟုတ်ကဲ့ပါ။ ကျေးဇူးပါ။ အဲဒီတော့ နောက်ထပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်း ဒု-ဥက္ကဋ္ဌ  ဒေါက်တာစိုးဝင်းဦးက ပါတီမိတ်ဆက်စကားလေး ပြောပေးပါဦးရှင့်။ အားလုံးမင်္ဂလာပါလို့ ဒီနေရာကနေ နှုတ်ခွန်းဆက်ပါတယ်။ အဓိကအားဖြင့် ဒီအစီအစဉ်ကို စိတ်ကူးကောင်းကောင်းနဲ့ တင်ဆက်ပေးတဲ့ ဒီဗီဘီကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုကတော့ ဒီအစီအစဉ်မှာ ပါဝင်ပြီးတော့ ဆွေးနွေးကြတဲ့ နိုင်ငံရေးပါတီ အသီးသီးကိုရော၊ ဒီအစီအစဉ်မှာ ပါဝင်ပြီးတော့ မေးခွန်းတွေမေးမြန်းမယ့် ပထမအကြိမ်မဲပေးကြသူ လူငယ် မောင်မယ်တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မြန်မာပြည်ရဲ့ သမိုင်းလိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပါတီကြီး ဖြစ်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးကနေ မွေးဖွားလာတဲ့ ဒီမိုကရေစီ ဘက်တော်သားအားလုံးကို တစ်စုတဝေးတည်း စုပေါင်းပြီးတော့ တည်ထောင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ပါတီတည်ထောင်ခဲ့ပါတယ်။ အခုဆိုရင် ပါတီရဲ့ သက်တမ်းက ၃၂ နှစ် တင်းတင်းပြည့်သွားပါပြီ။ နောက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ၁၉၉၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ စတင်ပြီးတော့ ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက် ဆက်တိုက်ဆိုသလိုပဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ နောက် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အခု ကျင်းပမယ့် ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးမှာလည်း ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ယှဉ်ပြိုင်ခဲ့တဲ့ သမိုင်းတလျှောက်လုံးမှာလည်း ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုနဲ့ပဲ ရပ်တည်ပြီးတော့ သောင်ပြိုကမ်းပြိုအောင်မြင်မှုတွေနဲ့ ဒီကနေ့ ပြည်သူလူထုရဲ့ ရှေ့မှာ ပြည်သူ့တာဝန်ထမ်းဆောင်နေတဲ့ ပါတီအဖြစ်လည်း ရပ်တည်နေပါတယ်။  ပြည်ထောင်စုတဝှမ်းလုံးမှာ မြို့နယ်ပေါင်း ၃၃၀ နီးပါးမှာရှိတဲ့ မဲဆန္ဒနယ်မြေတွေကို ကျနော်တို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ပြီးတော့ မှတ်ပုံတင်ပြီးတော့ ဆောင်ရွက်လျှက်ရှိပါတယ်။ ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းကိုတော့ အများသိဖို့ အတွက် အွန်လိုင်းက ထုတ်ပြန်ထားတာ ရှိပါတယ်။ စာအုပ်တွေ အနေနဲ့လည်း ထုတ်ပြန်ထားတာ ရှိပါတယ်။ ကျနော်တို့ပါတီရဲ့ ဒီနှစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲ ကြွေးကြော်သံက ဒီမိုကရေစီမှန်ကန်ရေး NLD ကို တို့မဲပေး ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အောင်လံခိုင်ဖို့ မဲပေးစို့ ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဆရာ၊ ကျေးဇူးပါ။ နောက်ထပ်တစ်ယောက်ကတော့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ပေါ့နော်၊ ပါတီဗဟိုကော်မတီဝင်လည်း ဖြစ်တယ်၊ ပြီးတော့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံလည်း ဖြစ်တဲ့ ဒေါ်စုစုလှိုင်က မိတ်ဆက်စကား ပြောပေးပါဦးရှင့်။ အားလုံးပဲ မင်္ဂလာပါ။ ကျမ ဒီနေ့ အစီအစဉ်လေးကို ထုတ်လုပ်ပေးတဲ့ ဒီဗီဘီပေါ့နော်၊ Any Questions? အစီအစဉ်နဲ့ ပါဝင်ကြတဲ့ ပါတီအသီးသီးက လူကြီးမင်းများနဲ့တကွ နားဆင်နေကြတဲ့ သားတို့ သမီးတို့ကို မင်္ဂလာပါလို့ နှုတ်ဆက်ချင်ပါတယ်။ ကျမတို့ပါတီကတော့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ပါတီဥက္ကဋ္ဌကြီးကတော့ အများလည်းသိကြတဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ပါတီဖြစ်ပါတယ်။ ကျမတို့ ပါတီက ဧပြီလ ၂၅ ရက်နေ့၊ ၂၀၁၉ ခုနှစ်မှာ ပါတီမှတ်ပုံတင်အမှတ် ၁၁၂ နဲ့ မှတ်ပုံတင်ကျထားပြီးတော့မှ စတင်ဖွဲ့စည်းခဲ့တဲ့ ၁ နှစ်ကျော်ကျော်ရှိတဲ့ ပါတီဖြစ်ပါတယ်။ ကျမတို့ပါတီမှာဆိုလို့ရှိရင် အတွေ့အကြုံရင့်ကျက်ပြီးတော့ နယ်ပယ်ကဏ္ဍအသီးသီးက တတ်ကျွမ်းတဲ့ ပညာရှင်များနဲ့ ဦးဆောင်ဖွဲ့စည်းထားပြီးတော့ အလုပ်အမှုဆောင် ၂၄ ဦးနဲ့ ကျမတို့ စတင်ဖွဲ့စည်းထားပြီး တိုင်း၊ မြို့နယ်၊ ကျေးရွာအဆင့်ဆင့်မှာ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ တစ်နှစ်တာ ကာလအတွင်းမှာ ကျမတို့ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာဆိုရင် ၂၆၁ မြို့နယ်၊ မြန်မာနိုင်ငံတစ်ခုလုံး အနေနဲ့ ၈၀ ရာခိုင်နှုန်းလောက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း ၉၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့ပါတီရဲ့ မူဝါဒအားဖြင့်၊ ရည်ရွယ်ချက်အားဖြင့်ပေါ့၊ ရည်ရွယ်ချက်ကတော့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ဖို့နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံဖြစ်တဲ့ စီးပွားရေးကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မယ်။ နောက် တစ်ချိန်တည်းမှာပဲ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စတဲ့ ကဏ္ဍတွေကို စနစ်တကျ အစီအစဉ်ရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်မယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးတို့ကို ဦးဆောင် ဆောင်ရွက်မယ်။ နောက်တစ်ခုကတော့ ကျမတို့က အရေးအကြီးဆုံး မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ဆီလျော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာရေး ဆိုတာကို ဦးတည်ထားတာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ကတော့ အချိန်မလင့်မီ အခြေမြှင့်ချီ UBP က ဆောင်ရွက်မယ့် မျက်နှာမူထားတဲ့ဟာ ငါးချက်ရှိပါတယ်။ အဲဒါတွေကတော့ Speed ဖြစ်ပါတယ်။ အဲဒီတော့ S for social လူမှုရေးကဏ္ဍနဲ့ P for politic နိုင်ငံရေးကဏ္ဍ၊ E for economic ကျမတို့နိုင်ငံရဲ့ အသက်သွေးကြောပေါ့နော်၊ စီးပွားရေးထူထောင်နိုင်မှ နိုင်ငံရဲ့လုပ်ချင်တဲ့ ကဏ္ဍအရပ်ရပ်ကို ဆောင်ရွက်နိုင်မယ့် စီးပွားရေးကို ကျမတို့ မျက်နှာမူထားတယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်ပေါ့နော်။ ကျမတို့နိုင်ငံဟာဆိုရင် ကမ္ဘာ့အလယ်မှာ လက်ညှိုးထိုးခံနေရတဲ့ ဒီသဘာဝပတ်ဝန်းကျင် Issue ကိုလည်း ကျမတို့က အရေးကြီးတဲ့ အချက်ထဲမှာ ထည့်ထားပြီးတော့ D for development ဆိုတဲ့ Speed ကြီးကို ကျမတို့ မျက်နှာမူထားတာ ဖြစ်ပါတယ်။ ကျမတို့ပါတီအနေနဲ့ကတော့ မကြာမီ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ ဆိုရင်တော့ ပထမဦးဆုံးအကြိမ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီးတော့ ပြည်သူသို့ ကတိကဝတ် ၁၂ ချက်ဆိုတာကို အတိအလင်းဖော်ပြထားပါတယ်။ နောက်ပြီးတော့ ကျမတို့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီကနေပြီးတော့ လူငယ်တွေနဲ့ ပတ်သက်ပြီး အခန်းကဏ္ဍတစ်ရပ်ကို ဖွင့်လှစ်ထားကြောင်း ကျမတို့ အတိအလင်းလည်း ကြေညာထားပြီး ဖြစ်ပါတယ်။ အဲဒီတော့ နားဆင်နေကြတဲ့၊ မေးခွန်းလေးတွေမေးဖို့ စောင့်ဆိုင်းနေကြတဲ့ ကလေးများအတွက် ဒီအစီအစဉ်လေး ဖွင့်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။ အခု ဆက်ပြီးတော့ ပြည်သူ့ပါတီက ကိုမျိုးမင်းဇော်ပေါ့နော်။ ကိုမျိုးမင်းဇော်က မိတ်ဆက်စကား ပြောပေးဖို့ ဖိတ်ချင်ပါတယ်။ ကိုမျိုးမင်းဇော်ကတော့ ပါတီဗဟို လူငယ်တာဝန်ခံလည်း ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ အစ်ကို ပြောပေးပါဦးရှင့်၊ ပါတီမိတ်ဆက်စကားလေး။ ဟုတ်ကဲ့ခင်ဗျ။ ဒီအစီအစဉ်လေးကို ဖိတ်ကြားပေးတဲ့ ဒီဗီဘီကိုလည်း ကျေးဇူးတင်ပါတယ်။ အွန်လိုင်းမှာ တက်ရောက်မေးမြန်းမယ့် ညီအစ်ကိုမောင်နှမ၊ ညီငယ် ညီမငယ်တွေကိုလည်း အခုလို တက်ရောက်မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပထမဆုံးကျနော် ပါတီမိတ်ဆက်နဲ့ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ကလေးကို ကျနော် ပြောပြချင်ပါတယ်။ ကျနော်တို့ ပြည်သူ့ပါတီဆိုတာက ၁၉၈၈ ခုနှစ် ဒီမိုကရေစီတော်လှန်ရေး၊ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ အင်အားစုတွေ၊ ခေတ်အဆက်ဆက်မှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက်ကို တိုက်ပွဲဝင်ခဲ့တဲ့ အင်အားစုတွေ၊ နောက် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်လိုတဲ့၊ လူထုလူတန်းစားအလွှာအသီးသီး ပါဝင်ပြီးတော့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်ပါတယ်။ ပြည်သူ့ပါတီဟာ တိုင်းရင်းသားတန်းတူရေး၊ နိုင်ငံရေးနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး အပြည့်အဝရရှိနိုင်ရေး၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် ရည်မှန်းပြီးတော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ရာနှုန်းပြည့်နိုင်ငံသားတိုင်းပိုင်ဆိုင်တဲ့ အဆင့်အထိရောက်အောင် ရည်မှန်း သံန္နိဋ္ဌာန် ချပြီးတော့ ရွေးကောက်ပွဲကို ဝင်ပြိုင်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ပါတီ ရွေးကောက်ပွဲကြေညာစာတမ်းမှာတော့ ကျနော်တို့ ကဏ္ဍအားလုံး ခြုံငုံတဲ့ … ကြေညာစာတမ်းမှာတော့ ထည့်သွင်းထားပါတယ်။ အခုကတော့ ကျနော်က လူငယ်ကဏ္ဍ … ပထမအကြိမ် မဲပေးရမယ့်သူတွေကို ပြောရမှာ ဖြစ်တဲ့အတွက် ကျနော့်ရဲ့ လူငယ်ကဏ္ဍလေးကို အကျဉ်းချုံးပြီးတော့ မိတ်ဆက်ပေးပါမယ်။ ကျနော်တို့ ပြည်သူ့ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါတဲ့ လူငယ်မူဝါဒ လုပ်ငန်းစဉ်နဲ့ ကျနော်တို့ ပြည်သူ့ပါတီက ချမှတ်ထားတဲ့ လူငယ်မူဝါဒ ပေါင်းစပ်ပြီးတော့ ကျနော် အကျဉ်းချုံး မိတ်ဆက်ပေးသွားပါမယ်။ ပြည်သူ့ပါတီဟာ လူငယ်တွေဆိုတာ အနာဂတ်ကို၊ အနာဂတ်နိုင်ငံရေးကို ပခုံးပြောင်းတာဝန်ယူမယ့် မျိုးဆက်တွေလို့ ကျနော်တို့ ခံယူတယ်။ ဒါကြောင့်နိုင်ငံ့အနာဂတ်ကို လွှဲပြောင်းရယူနိုင်မယ့် စွမ်းအားပြည့်မျိုးဆက်တွေ ဖြစ်လာဖို့အတွက်ကို ပြည်သူ့ပါတီကနေပြီးတော့ လူငယ်တွေကို ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာဖွံ့ဖြိုးသော နိုင်ငံသားကောင်းများဖြစ်လာစေရေးအတွက် အလေးထား ဆောင်ရွက်သွားမယ်။ နောက် စွန့်ဦးတီထွင်တဲ့ လုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာလုပ်ငန်းတွေကို လူငယ်တွေ လွယ်ကူစွာ လုပ်နိုင်အောင် ကျနော်တို့ ကူညီပေးသွားမယ်။ နောက် လူငယ်တွေရဲ့ ဘဝလုံခြုံစိတ်ချရရေး အတွက်ကို အသက်မွေးဝမ်းကျောင်း သင်တန်းတွေ၊ ကျောင်းတွေကို လွယ်လင့်တကူ လက်လမ်းမီ တက်ရောက်နိုင်အောင် ကျနော်တို့ ဆောင်ရွက်ပေးသွားမယ်။ လူငယ်တွေရဲ့ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းကိုလည်း အားပေးကူူညီသွားမယ်။ နောက် လူငယ်ရေးရာ စင်တာတွေကို ကျနော်တို့ တိုင်းနဲ့ ပြည်နယ်ဒေသအသီးသီးမှာ ဖွင့်လှစ်ပြီးတော့ လူငယ်တွေရဲ့ အတွေးအခေါ်တွေ၊ ယဉ်ကျေးမှုဓလေ့တွေ၊ နောက် ဆန်းသစ်တီထွင်မှုတွေကို ကျနော်တို့ မျှဝေဖလှယ်နိုင်ပြီးတော့ လူငယ်မူဝါဒတွေကို လူငယ်တွေကိုယ်တိုင် ဆွေးနွေးပြီးတော့ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်အောင် ကျနော်တို့ ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ အခုဆက်ပြီးတော့ အွန်လိုင်းပေါ်ကမေးမြန်းကြမယ့် ကလေးတွေ အစီအစဉ်ကို စတင်တော့မှာ ဖြစ်တဲ့အတွက် မေးခွန်းမေးမယ့် ပထမအကြိမ်မဲပေးကြမယ့် ကလေးတွေကို ဖိတ်ခေါ်တော့မှာ ဖြစ်ပါတယ်။ ပထမဆုံးကတော့ မောင်လေးကျော်စည်သူဟိန်းပါ။ မေး။     ။ ဟုတ်ကဲ့။ အဓိကက ကျနော်မေးချင်တာက ကျနော်တို့ ရန်ကုန်မြို့နဲ့ ပတ်သက်ပြီးမေးချင်ပါတယ် ခင်ဗျ။ ကျနော်တို့ ရန်ကုန်မြို့မှာ လက်ရှိအခြေအနေမှာ ကျနော်တို့ရန်ကုန်မြို့မှာ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီးတော့ ပေါ့နော်၊ လျှပ်စစ်မီးက အခုအချိန်အထိ ကျနော်တို့ရန်ကုန်မြို့မှာ မိုးရွာတာနဲ့ မီးပျက်တယ်။ ဒါကတော့ အကုန်လုံးကြုံတွေ့နေရတဲ့ ကိစ္စဖြစ်တယ်။ အဲဒါမျိုးကို အနည်းဆုံးဖြစ်သွားအောင် ဘယ်လိုမျိုး ဆောင်ရွက်ပေးသွားမလဲဆိုတာ သိချင်ပါတယ်။ ကျနော်မေးချင်တာကတော့ PPP ပါတီကို မေးချင်ပါတယ် ခင်ဗျ။ ဒေါ်သက်သက်ခိုင်ကို မေးချင်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့။ ပြည်သူ့ရှေ့ဆောင်ပါတီကို မေးထားတဲ့အတွက် ဖြေပေးပါဦးရှင့်။ ဖြေ။     ။ ကျေးဇူးပါရှင့်။ ကျမတို့ပါတီရဲ့ အဓိကမူဝါဒကလည်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ခြင်းပါရှင့်။ အဲဒီအထဲမှာ ကျမတို့ ပြည်သူအတွက် ဝန်ဆောင်မှုတွေ ပိုပိုပြီးတော့ ကောင်းမွန်အောင်လုပ်မယ် ဆိုတဲ့ မူဝါဒပါရှိပါတယ်။ အဲဒီမှာ လျှပ်စစ်လို့ပြောလို့ရှိရင် လျှပ်စစ်မီးရရှိရေး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြောလို့ရှိရင်တော့ ကျမတို့ ၅၀ ရာခိုင်နှုန်းပဲ ရသေးတယ်။ ရန်ကုန်ကတော့ တိုင်းဒေသကြီး တစ်ခုလုံးမှာ လျှပ်စစ်မီး ရပြီးသားတော့ ဖြစ်တယ်ပေါ့နော်။ သို့သော်လည်း ဝန်ဆောင်မှု မကောင်းတဲ့ ပြဿနာပေါ့နော်။ ကျမတို့ကတော့ အဓိကကတော့ ရန်ကုန်တိုင်းအစိုးရပေါ့နော်။ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဘာလုပ်သင့်လဲ ဆိုလို့ရှိရင် လျှပ်စစ်မီး ဖြန့်ဝေရေးပေါ့။ လျှပ်စစ်မီးလို့ ပြောလို့ရှိရင် ကျမတို့က ထုတ်လုပ်တာရှိတယ်၊ ဖြန့်ဖြူးတာရှိတယ်၊ ပြီးလို့ရှိရင် လျှပ်စစ်မီးကို Transmission လိုမျိုး သယ်ဆောင်တာရှိတယ်ပေါ့နော်။ လျှပ်စစ်မီးနဲ့ ပတ်သက်လို့ရှိရင် ရန်ကုန်မြို့အတွက် ကောင်းဖို့ဆိုရင် ကျမတို့အနေနဲ့ ဘတ်ဂျက်သုံးရမယ်၊ နံပါတ် တစ်က။ နံပါတ်နှစ်ကကျတော့ ဒီ အီးပီစီတို့ ဘာတို့ပေါ့နော်၊ အဲဒါတွေကို ပုဂ္ဂလိကကဏ္ဍကို ဒီ PPP မော်ဒယ်နဲ့ ကျမတို့သွားရမယ်ပေါ့နော်။ ပုဂ္ဂလိကကဏ္ဍကနေပြီး သေချာဆောင်ရွက်နိုင်တာမျိုးပေါ့။ ဆောင်ရွက်နိုင်အောင် ကြပ်မတ်နိုင်တဲ့ စာချုပ်တွေဘာတွေ သေချာချုပ်ပြီးလို့ရှိရင် ဘယ်လိုမျိုးအရည်အသွေးကို လိုချင်တယ်၊ ဘယ်လို ဝန်ဆောင်မှုမျိုးကို လိုချင်တယ်၊ ဒါမျိုးလေးတွေနဲ့ ကျမတို့ ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်မှသာလျှင်၊ ပြည်သူ့အတွက်ဝန်ဆောင်မှုပေါ့နော်၊ လျှပ်စစ်မီးဆိုတဲ့ ပြည်သူ့ဝန်ဆောင်မှုက အောင်မြင်မှာဖြစ်တယ်လို့ ကျမ ယူဆပါတယ်ရှင့်။ ဟုတ်ကဲ့ပါ၊ ကျေးဇူးပါရှင့်။ နောက်ထပ်မေးမယ့် မောင်လေးကတော့ မောင်ဉာဏ်လင်းထက်ပေါ့နော်။ မောင်လေးမောင်ဉာဏ်လင်းထက် ရှိလား။ မေးခွန်းမေးလို့ရပါပြီ။ မေး။     ။ မင်္ဂလာပါ။ ကျနော့်ကို မေးခွန်းမေးခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်နာမည်က ဉာဏ်လင်းထက်ပါ။ ကျနော်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ဥပဒေ နောက်ဆုံးနှစ် တက်ရောက်နေတယ်ပေါ့နော်။ ကျနော်မေးချင်တာကတော့ NLD ပါတီကို မေးချင်တာပေါ့နော်။ အစိုးရ အနေနဲ့က၊ NLD အနေနဲ့ နောက်ထပ် ငါးနှစ်မှာ အနိုင်ရမယ်ဆိုရင် တရားရေးဘက်ကို အခြေခံအဆောက်အအုံတွေ ပြည့်စုံအောင်၊ လစာပြည့်စုံအောင် ဖန်တီးပေးဖို့ ရှိလားပေါ့။ ဒါမှသာ တရားဥပဒေစိုးမိုးရေးအတွက်၊ ပြည်ထဲရေးက တရားဥပဒေစိုးမိုးရေးမှာ အဓိကကျပေမယ့်လည်း တရားစီရင်ဆုံးဖြတ်ချက်ချတဲ့အခါကျတော့ တရားရေးဘက်က အဓိကကျတဲ့အခါကျတော့ အခြေခံလိုအပ်ချက်တွေပြည့်စုံမှ လာဘ်စားမှုတွေနည်းမယ်။ အဲဒါကလည်း တရားဥပဒေစိုးမိုးရေး အတွက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ကျနော်မြင်ပါတယ်ပေါ့နော်။ ပြီးတော့ လက်ရှိမှာ ထပ်အာဏာရမယ်ဆိုရင် ပြည်ထောင်စုတရားသူကြီးချုပ်ကို ပြောင်းလဲဖို့အစီအစဉ်ရှိလားပေါ့နော်။ အဲဒါလေးတွေ ဖြေပေးပါဦး။ ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့။ ဆရာစိုးဝင်းဦး ဖြေပေးပါဦးရှင့်။ ဖြေ။     ။ ဟုတ်၊ မေးခွန်းလေးကတော့ နည်းနည်းလေးများတယ် ထင်တယ်နော်။ ကျနော်တို့အနေနဲ့ ဖြေရမယ်ဆိုရင်တော့ ခုနကပြောတဲ့ … ညီလေးက ဥပဒေပညာနဲ့ ကျောင်းပြီးထားတယ်ပေါ့။ ကျောင်းပြီးပြီး အလုပ်အကိုင်အခွင့်အလမ်း စောင့်တဲ့အခါမှာ အထူးသဖြင့်အစိုးရ နိုင်ငံ့ဝန်ထမ်းလုပ်ဖို့ သူက ပိုပြီးတော့ မျှော်လင့်တယ်ပေါ့။ နိုင်ငံမှာတော့ နိုင်ငံ့ဝန်ထမ်းအားလုံးကို တရားရေးဌာနရယ်လို့ သီးသန့်ခွဲပြီးတော့ စဉ်းစားလို့မရပါဘူး။ နိုင်ငံတစ်ခုမှာတော့ နိုင်ငံ့ဝန်ထမ်း အားလုံးရဲ့ဘဝကို လုပ်ခလစာနဲ့ သူတို့ဘဝရပ်တည်မှု လုံလောက်မှုရှိအောင်တော့ စဉ်းစားပြီးတော့ လစာကို အခါအားလျော်စွာ နိုင်ငံရဲ့ ဘတ်ဂျက် ခွင့်ပြုနိုင်တဲ့ အပေါ် မူတည်ပြီးတော့ တောက်လျှောက်တိုးပေးနေတာ တွေ့ရမှာပါ။ NLD အစိုးရ လက်ထက်မှာ ပိုပြီးတော့ သိသာတဲ့အနေအထား ရှိပါတယ်။ နောက်တစ်ခုကတော့ အူမတောင့်မှ သီလစောင့်မယ်ဆိုတဲ့ စကားတစ်ခုတည်းနဲ့ အကျင့်ပျက်ခြစားမှုကို လိုက်ပါဆောင်ရွက်တယ်ဆိုရင်လည်း နိုင်ငံသားကောင်း မပီသရာ ကျပါတယ်။ ပြီးတော့ အခြေခံအဆောက်အအုံ ပြည့်စုံဖို့ရယ်၊ နောက်တစ်ခုကတော့ ဝန်ထမ်းတွေရဲ့ ဘဝလုံခြုံမှု ရှိဖို့ပေါ့နော်။ အဲဒါကတော့ နိုင်ငံကိုတာဝန်ယူရတဲ့ မည်သည့်အစိုးရမဆို ဆောင်ရွက်ရမယ့် တကယ့် အဓိကတာဝန်ထဲမှာ ပါတယ်လို့ ဆရာတို့ပါတီအနေနဲ့ ခံယူပါတယ်။ အဲဒီအတွက် ရှေ့လာမယ့် သက်တမ်း ငါးနှစ်ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေပေးတဲ့ တာဝန်ကို ရလို့ အစိုးရအနေနဲ့ ဆက်ပြီးတော့ ဆောင်ရွက်ရမယ်ဆိုရင်တော့ ဒီထက်ပိုပြီးတော့ ပြေလည်ကောင်းမွန်တဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုံခြုံပြီးတော့ အဆင်ပြေတဲ့ဘဝကို ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ဆရာ ဒီနေရာကနေ သတင်းစကားလေး ပါးနိုင်ပါတယ်။ ဟုတ်ကဲ့ပါ၊ ကျေးဇူးပါရှင့်။ ဟုတ်ကဲ့ ဒီနေ့ မေးခွန်းမေးပေးသွားတဲ့ မောင်လေးတွေ၊ ညီမလေးတွေနဲ့ ဒီဘက်က ဖြေကြားပေးသွားတဲ့ ပါတီက တာဝန်ရှိတဲ့သူတွေကို ကျေးဇူးတင်ပါတယ်နော်။ အခု လူငယ်တွေရဲ့ မေးခွန်းတိုက်ရိုက် မေးတဲ့အစီအစဉ်ကို ဒီမှာပဲ ခဏ နားခွင့်ပြုပါရှင်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024