Home
ဆောင်းပါး
Any Questions? မန္တလေးတိုင်းအစီအစဉ် (တတိယပိုင်း) 
DVB
·
November 6, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမအကြိမ် မဲပေးကြမယ့် လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး တာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Questions?  အစီအစဉ်ကို DVB TV ကနေ တင်ဆက်ပေးနေရာမှာ  ဒီတပတ်အတွက် ရွေးချယ်ထားတာကတော့  မန္တလေးတိုင်းအစီအစဉ် တတိယပိုင်း  ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ကျမ နေရီရီနဲ့အတူ နွယ်နီတင်မောင်နဲ့ ဦးနေဇော်နိုင်တို့က တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။ ဒီတစ်ပတ် ကျမတို့ရွေးချယ်ထားတာကတော့ မန္တလေးတိုင်းဒေသကြီးပဲ ဖြစ်ပါတယ်။ အမရပူရရဲ့ ထူးခြားတဲ့ သမိုင်းမှတ်တိုင်တစ်ခုကတော့ လက်ချိတ်လွန်းပျံ ဧကနံ သည်တွင် အစပေါ်ပြီ ဆိုတဲ့အတိုင်း အင်းဝခေတ်က စခဲ့တဲ့ ချိတ်လုံခြည်ဟာ အမရပူရခေတ်မှာ ပိုးချည်နဲ့ရက်လုပ်တဲ့ လွန်းရာကျော် ကြိုးကြီးချိတ်အထိ တိုးမြှင့်လာခဲ့တယ်။ စုဖုရားလတ်ဝတ်လေ့ရှိတဲ့ ကြိုးကြီးချိတ်ပိုးထမီဟာ လွန်းပေါင်း ၂၆၄ လွန်းနဲ့ ရက်လုပ်ခဲ့တာကြောင့် အလွန်အဆင့်မြင့်ပြီး ကျက်သရေရှိလှတယ်လို့ အဲဒီအချိန်က ကမ္ဘာ့ရက္ကန်းပညာရှင်တွေက ချီးမွမ်းခဲ့ကြတယ်။ သမိုင်းထဲကမန္တလေးစာအုပ် ပြုစုခဲ့သူ စကော့အိုကွန်းနားကတော့ ပိုးသားမျှင်အရှေ့တိုင်းလို့ တင်စားပြီး စာတစ်အုပ် ရေးခဲ့သေးရဲ့။ ဘုရင့်ပုဆိုးပိုးချည်းဆိုသလိုပါပဲ။ အခုအချိန်ထိ အမရပူရရဲ့ ညဉ့်ယံတွေမှာ ကြိုးကြီးချိတ် ရက်လုပ်နေတဲ့ ရက္ကန်းခတ်သံတို့က ဝေစည်နေကြဆဲပါ။ အဲဒီလို အထင်ကရဒေသတွေကြောင့် အင်္ဂလိပ်တို့က မဟာမန္တလေးအဖြစ်တည်ဖို့ စိတ်ကူးချမှတ်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်မှမဟုတ်ပါဘူး၊ မင်းတုန်းနန်းတည်စဉ်က နိမိတ်ရွှေကြိုးနဲ့ သတ်မှတ်ရာအရပ် ချဲ့ထွင်မယ်ဆိုရင် တောင်လားသော် ဒုတ္ထဝတီ၊ မြောက်လားသော် မတ္တရာမြစ်၊ အနောက်လားသော် ဧရာဝတီမြစ်၊ အရှေ့လားသော် နတ်ထိပ်တောင်ရိုးအထိပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရာဇဝင် သမိုင်းမြို့တော်တွေဖြစ်တဲ့ ဇေယျာပူရ (စစ်ကိုင်းမြို့)၊ ရတနာပူရ (အင်းဝမြို့)၊ အမရပူရ ရတနာပုံတို့နဲ့ တဆက်တည်းနီးပါး တည်ရှိနေတာတွေကို တစ်စုတစ်စည်းတည်း ပေါင်းစုလိုက်မယ်ဆိုရင် မန္တလေးဟာ မဟာမန္တလေးအဖြစ် သတ်မှတ်လို့ရနေပါပြီ။ မန္တလေးသို့သွားရာလမ်း ကဗျာနဲ့အတူ ကမ္ဘာသိဖြစ်ခဲ့တဲ့ မန္တလေးမြို့။ လတ်စ်ဗီးဂတ်စ် ကမ်းမြှောင်မှာ ၄၃ ထပ်မြင့် အပန်းဖြေ ဟိုတယ်ကြီးကိုလည်း Mandalay Bay လို့ အမည်ပေးထားခြင်းကလည်း အံ့အားသင့်စရာပါ။ မန်းရတနာပုံ နေပြည်တော်ကို လွမ်းဆွတ်သတိရဖွယ်ရာပဲ ဖြစ်နေပါတယ်။ မန္တလေးတောင်ကို ဦးစီးပြုပြင်ခဲ့တဲ့ ဦးခန္တီ ပထမဆုံးဆောင်းခဲ့တဲ့ ဒေါက်ချာဟာလည်း မြူးနစ်ရိုးရာပြတိုက်မှာ အထင်ကရ ရှိနေပါသေးတယ်။ ဒါတွေဟာ ပုံပြင်မဟုတ်၊ ဒဏ္ဍာရီမဟုတ်တဲ့ မန်းနေပြည်တော်ရဲ့ အထင်ကရတွေပေါ့။ ဗြိတိသျှပြတိုက်တွေမှာရှိတဲ့ မြန်မာ့ထီးသုံးနန်းသုံး နန်းဆင်ပစ္စည်းအချို့ဟာလည်း ယဉ်ကျေးမှု အတိမ်အနက်ကို ဖော်ပြနေကြဆဲပါ။ မန္တလေးနဲ့ ညီအစ်မတော်ချင်သူတွေကလည်း အများသား။ ကိုရီးယားရဲ့ အော်လ်ဆန်မြို့၊ တရုတ်ရဲ့ ကူမင်းမြို့နဲ့ ကမ္ဘောဒီးယားရဲ့ ဖနွမ်းပင်မြို့တို့ဟာလည်း မန္တလေးရဲ့ ညီအစ်မမြို့တော် စာရင်းဝင်တွေပေါ့။ မြို့ဝန်ဟောင်း ဘိုင်ဆက်လက်သစ်တို့ ကြီးစိုးခဲ့ရာ နှစ်ကာလဆိုးကြီးကို ရှည်ကြာစွာ ဖြတ်ကျော်ပြီးတဲ့နောက် အခုတော့ မန္တလေးမြို့ဟာ ပြာပုံထဲက ထပျံလာတဲ့ ဖီးနစ်ငှက်လိုပါပဲ။ မဟာမန္တလေးလို့ ခေါ်တွင်ရလောက်အောင် မြို့ပြတည်ဆောက်မှုတွေဟာ အံ့မခန်းသစ်လွင်တောက်ပလို့ပေါ့။ မန္တလေးသူ၊ မန္တလေးသားတွေက အသက်လေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခိုဆိုတဲ့ ဆိုရိုးစကားအတိုင်း မှိုင်းညို့ညို့အရှေ့ရိုးမနဲ့ ပြာလဲ့လဲ့ ကျုံးရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့ လေနုအေးအရသာကို ခံစားရင်း မန်းတောင်ရိပ် ခိုနေကြပုံဟာ နန်းဆန်လွန်းတဲ့ မဟာ မန္တလေးအလှနဲ့ ပနံသင့်နေပါတယ်။ မြို့တည်နှစ် ၁၆၁ နှစ် လွန်မြောက်ပြီးတဲ့နောက် မန္တလေးမှသွားရာလမ်းမှာ ဘာတွေဖြစ်ဦးမယ်၊ ဘယ်လိုလျှောက်လှမ်းရဦးမယ် ဆိုတာကို အတိအကျမဆိုနိုင်ပေမယ့် မဟာမန္တလေးကတော့ ပန်းနုရောင်အရုဏ်ဦးနဲ့အတူ သစ်လွင်ပလွှား တောက်ကြွားလို့ပင် ရှိနေပါတော့တယ် ခင်ဗျာ။ ဒါကတော့ ကျနော်တို့  Any Questions?  အဖွဲ့သားတွေ စုစည်းတင်ဆက်ထားတဲ့ မန္တလေးပုံရိပ် နောက်ဆုံးအပိုင်း ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကျနော်တို့ စာတွေနဲ့မေးမြန်းထားသူတွေရဲ့ စာတွေကိုလည်း ဖတ်ပြဖို့ရှိပါတယ်။ အဲဒါကလည်း အိမ်ကနေပြီးတော့ တာဝန်ယူနေတဲ့ Any Questions?  အဖွဲ့သား နွယ်နီတင်မောင်ကနေပြီးတော့ ဆက်လက်ပြီးတော့ ကျနော်တို့ စာနဲ့ပေးပို့ထားတဲ့ မေးခွန်းတွေကို မေးမြန်းမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ။ ပထမဦးဆုံးဖတ်ပြပေးချင်တာကတော့ ဉာဏ်ထက်ဌေးဝင်းရဲ့ စာပါ။ သူကတော့ ပြည်သူ့ပါတီ အနေနဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအစီအမံတွေရှိလဲ သိချင်ပါတယ်တဲ့။ ပြည်သူ့ပါတီကို မေးထားတဲ့အတွက် ပြန်လည်ဖြေကြားပေးပါဦးရှင့်။ ဖြေ။   ။ ဟုတ်ကဲ့ဆရာမ။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပြည်သူ့ပါတီရဲ့ အနာဂတ်ကာလကို လွတ်လပ်စွာတီထွင်ဖန်တီး တွေးခေါ်နိုင်တဲ့၊ အားပေးနိုင်တဲ့ သင်ကြားမှု ပညာရေးစနစ်မျိုးကို ကျနော်တို့ အဓိက ပုံဖော်သွားပါမယ်။ အဲဒီတော့ ထူးချွန်သူများကို ပညာရေးထောက်ပံ့ကြေးပေးတဲ့ စနစ်မျိုးကိုလည်း ကျနော်တို့ ဆောင်ရွက်သွားပါမယ်။ တက္ကသိုလ်ကောလိပ်ကျောင်းတွေမှာဆိုရင် တီထွင်ဖန်တီးမှုများနဲ့ သုတေသနလုပ်ငန်းများကို အားပေးပြီးတော့ ကျနော်တို့ အားပေးအားမြှောက် ဆောင်ရွက်သွားပါမယ်။ နောက် မသန်စွမ်းသူများ ပညာသင်ကြားရေးကိုလည်း ကျနော်တို့ ဆောင်ရွက်သွားပါမယ်။ ကျောင်းနေရွယ် ကလေးတွေရဲ့ ပညာသင်ကြားရေးကိုလည်း ကျနော်တို့ အစွမ်းကုန် ကူညီဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်စေရန်၊ သင်ကြားမှု သင်ယူမှု ကဏ္ဍတွေမှာဆိုရင် ကျွမ်းကျင်မှုနဲ့ စွမ်းရည်မြင့်မားရေးကိုလည်း ဆောင်ရွက်ပါ့မယ်လို့ ကျနော်တို့ ဦးစားပေးအစီအစဉ်ထဲမှာ ပါပါတယ်ခင်ဗျ။ ဟုတ်ကဲ့ပါရှင်။ နောက်ထပ်တစ်ယောက်ကတော့ ပြည့်ဖြိုးအောင် ပေးပို့ထားတဲ့ စာလေးပါရှင့်။ ကျနော်တို့ ပုဂံဒေသကတဲ့ ခရီးသွားလုပ်ငန်းနဲ့ အဓိက လုပ်ကိုင်စားသောက်နေတာ ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းကို ဒီထက်မက ပိုမိုတိုးတက်အောင် လုပ်ပေးစေချင်ပါတယ်တဲ့။ ဘယ်လိုတိုးတက်အောင် လုပ်ပေးမလဲဆိုတာကိုလည်း သိချင်ပါတယ်တဲ့။ မကြာခင်ကမှ ယူနက်စကိုဝင်ထားတဲ့ ပုဂံဒေသကို ဟိုတယ်ကြီးတွေနဲ့ အကျည်းမတန်စေချင်တော့ပါဘူးတဲ့။ နောက်ထပ် မှတ်ပုံတင်ထားတဲ့ ဟိုတယ်ကြီးတွေကို မြို့ပြင်မှာ ဆောက်လုပ်ခွင့် ပေးဖို့ အစီအစဉ်ရှိပါသလား ဆိုပြီး မေးထားတာပါ။ သူကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မေးထားတာပါရှင့်။ ပြန်လည်ဖြေကြားပေးပါဦးရှင့်။ မင်္ဂလာပါအစ်မရေ။ လက်ရှိ ဆောက်လုပ်ဆဲ ဟိုတယ်တွေ အနေနဲ့ကတော့ ကျမတို့က လက်ရှိ အနိုင်ရ အစိုးရလည်း မဟုတ်ပါဘူးရှင့်။ အဲဒီအတွက် ကျမတို့အနေနဲ့ ဒီမေးခွန်းက ဖြေရမယ်ဆိုလို့ရှိရင် တချိန် အနိုင်ရအစိုးရကပဲ ဖြေကြားရမယ့် မေးခွန်းဖြစ်ပါတယ်လို့ ကျမအနေနဲ့ ပြောလိုပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်။ နောက်ထပ်တစ်ယောက်ကတော့ မပြည့်စန္ဒာအောင်က မေးထားတာပါ။ သူကတော့ မိတ္ထီလာမြို့နယ်ကပါ။ ကိုယ်စားလှယ်လောင်းတွေ အရွေးခံရပြီဆိုရင်တဲ့ ပြည်သူတွေအတွက် ဘာအထောက်အကူများ ပေးမလဲတဲ့။ သူကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို မေးထားတာပါ။ ပြန်လည်ဖြေကြားပေးပါဦးရှင့်။ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ခံရပြီဆိုရင် ပြည်သူတွေကို ဘာအထောက်အကူ ဖြစ်လဲပေါ့။ အဲဒီတော့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ခံရတယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီကိုယ်စားလှယ်လောင်းက လွှတ်တော်ထဲ ရောက်သွားတာရှိမယ်၊ နောက်ပြီးတော့ အစိုးရအဖွဲ့ထဲကို ရောက်သွားတာလည်း ရှိမယ်။ ရှိတဲ့အခါကျတော့ သူက အုပ်ချုပ်ရေးအာဏာပိုင်းရော၊ လွှတ်တော်က တရားစီရင်ရေး အာဏာပိုင်းရောက ပြည်သူတွေအတွက် ရည်ရွယ်ပြီးတော့၊ ပြည်သူတွေကို အကာအကွယ်ပေးဖို့၊ ပြည်သူတွေရဲ့ နေ့စဉ်လုံခြုံမှု၊ ပြည်သူတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အစရှိသဖြင့် အကုန်လုံးပေါ့လေ ဒါက။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် အဘက်ဘက်ကနေ လွှတ်တော်ပိုင်းကရော၊ အစိုးရပိုင်းကရော ကြိုးစားဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကို ရသွားတာပေါ့။ ဆိုတော့ ရွေးချယ်မခံရရင် ဒီလိုကိစ္စမျိုးကို စီမံခန့်ခွဲဆောင်ရွက်နိုင်ဖို့ မလွယ်ပါဘူး။ ရွေးချယ်ခံရမှ ဒီလိုဟာမျိုးကို စီမံဆောင်ရွက်ဖို့ အခွင့်အလမ်း ရှိမှာပါ။ စီမံဆောင်ရွက်နိုင်တဲ့ အာဏာရှိမှလည်း၊ အခွင့်အလမ်း ရှိမှလည်း ပြည်သူတွေအပေါ်ကို ကောင်းကျိုးကို လုပ်ဆောင်ပေးလို့ ရမှာပေါ့နော်။ ဒါပေမယ့် ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေက တစ်ခုရှိတာက ခြွင်းချက်အနေနဲ့ကတော့ ပြည်သူတွေကောင်းကျိုးထက် သူတို့ပါတီ၊ သူတို့တကိုယ်ရည်အတွက် ပိုပြီးတော့ ဦးစားပေးတယ်ဆိုရင်တော့ ပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုကတော့ ပေါ့စတစ်ထက် နဂ္ဂတစ်ဘက်ကို ပိုပြီးတော့ များသွားတာ ဖြစ်မှာပေါ့။ အဲဒီတော့ အမြဲတမ်း ရွေးချယ်ခံရတိုင်း ကျနော်ကတော့ ပြည်သူတွေအတွက် ကောင်းပါတယ်လို့တော့ မပြောချင်ဘူးပေါ့။ ဟုတ်ကဲ့ပါ။ အခုလိုမျိုး ဖြေကြားပေးသွားတဲ့ ပါတီကကိုယ်စားလှယ်တွေကော၊ မေးမြန်းပေးကြတဲ့ မောင်လေး ညီမလေးတွေကော ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ ကဲ ကျနော်တို့ ဆက်ပြီးတော့နော်၊ ၂၀၁၅ တုန်းက မန္တလေးတိုင်းဒေသကြီး အတွင်းမှာ မဲရရှိမှု အခြေအနေတွေ၊ ပါတီအလိုက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ အခြေအနေလေးတွေ ကျနော်ဆက်ပြီးတော့ တင်ပြပေးပါဦးမယ်။ ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတုန်းက ဆိုလို့ရှိရင် မန္တလေးတိုင်းက မဲရရှိမှု အခြေအနေ၊ မဲပေးသူရာခိုင်နှုန်းက ၇၂. ၈၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အဲဒီတော့ အဲဒီ ၇၂. ၈၁ ရာခိုင်နှုန်းမဲပေးကြတဲ့အထဲမှာ မန္တလေးတိုင်းမှာ ပါတီအလိုက် ဝင်ရောက်ယှဉ်ပြိုင်တာတွေကို ကျနော်တို့ ပြန်ပြီးတော့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ ယှဉ်ပြိုင်တဲ့ပါတီက ၁၆ ပါတီရှိပြီး အနိုင်ရတဲ့ ပါတီက ၂ ပါတီရှိပါတယ်။ ကျနော်တို့ အမျိုးသားလွှတ်တော်မှာဆိုရင် ယှဉ်ပြိုင်တဲ့ပါတီက ၉ ပါတီရှိပြီးတော့ အနိုင်ရတဲ့ပါတီက ၂ ပါတီ ရှိပါတယ်။ အဲဒီလိုပဲ တိုင်းဒေသကြီး လွှတ်တော်မှာဆိုရင် ကျနော်တို့ ယှဉ်ပြိုင်တဲ့ပါတီက ၁၈ ပါတီရှိတယ်။ ကျနော်တို့ အနိုင်ရတဲ့ပါတီက ၃ ပါတီရှိပါတယ်။ ဒါကတော့ ကျနော်တို့ မန္တလေးတိုင်းအတွင်းမှာ ရွေးကောက်ပွဲ ပါတီအလိုက် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဒါက ကျနော်တို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့၊ အခုကတော့ ကျနော်တို့ရဲ့ Any Questions? အစီအစဉ်ကို ဝင်ရောက်ပြီးတော့ စစ်တမ်းတွေ ကောက်ခံတဲ့အခါ စစ်တမ်းတွေကို ဖြေဆိုတဲ့အချက်အလက်လေးတွေကို တင်ပြပေးချင်ပါတယ်။ စစ်တမ်းဖြေဆိုတဲ့ လူမျိုးအုပ်စုတွေကို ကြည့်မယ်ဆိုရင် ဗမာက ၈၂ ရာခိုင်နှုန်းရှိပါတယ်။ ကျနော်တို့ ဗမာနဲ့ ရှမ်းပေါင်းထားတာက ၁၁ ရာခိုင်နှုန်း ရှိပြီးတော့ အခြားလူမျိုးတွေကတော့ ၇ ရာခိုင်နှုန်း ကျနော်တို့ စစ်တမ်းကို ဝင်ရောက်ဖြေဆိုထားတာ ရှိပါတယ်။ အဲဒီအထဲမှာ ကျနော်တို့ အမျိုးသား အမျိုးသမီး ကျနော်တို့ ပြန်ပြီးတော့ ခွဲထုတ်လိုက်မယ်ဆိုလို့ရှိရင် အမျိုးသားက ၄၅.၉၀ ရာခိုင်နှုန်း ပါဝင်ပြီးတော့ အခြားက ၁၄. ၇၅၊ ပြီးတော့ အမျိုးသမီးကတော့ ၃၉. ၃၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အသက်အုပ်စုတွေကို ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင်၊ စစ်တမ်းဖြေဆိုသူတွေရဲ့ အသက်အုပ်စုကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ၁၆ ကနေ ၂၅ နှစ်အတွင်းက ၉၇.၀၀ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုထားပြီးတော့ ကျနော်တို့ ၂၆ နှစ်ကနေ ၃၅ အထိကတော့ ၃ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုထားပါတယ်။ အဲဒီအထဲမှာမှ ပထမအကြိမ်မဲပေးမယ့်သူတွေကို ကြည့်လိုက်တဲ့အခါကျတော့ ပထမဆုံးအကြိမ် မဲပေးမယ့်လူ ၉၁. ၀၀ ရာခိုင်နှုန်းက ဝင်ရောက်ဖြေဆိုထားပြီးတော့ ပထမအကြိမ်မဲပေးမယ့်သူမဟုတ်တဲ့ သူတွေကတော့ ၈. ၀၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဲဒီမှာ နောက်ထပ် ကျနော်တို့ မသန်စွမ်းအရေအတွက်ကို ကြည့်လိုက်တဲ့အခါမှာ၊ အချိုးအစား ကြည့်လိုက်တဲ့အခါမှာ ကိုယ်ခန္ဓာမသန်စွမ်းတာကတော့ ၆၀.၀၀ ရာခိုင်နှုန်းပါပြီးတော့ အမြင်အာရုံမသန်စွမ်းတဲ့သူတွေကတော့ ၄၀.၀၀ ရာခိုင်နှုန်း ပါဝင်တာကိုသွားပြီးတော့ တွေ့ရပါတယ်။ နောက်တစ်ခါ ကျနော်တို့ မန္တလေးတိုင်းအတွင်းမှာ ဘယ်ပြဿနာတွေက အဓိကရင်ဆိုင် ဖြေရှင်းရမလဲ၊ ဘယ်ပြဿနာတွေက ပိုပြီးတော့ ကြီးထွားလဲဆိုပြီးတော့ အချက်အလက်ပေါ့။ မန္တလေးတိုင်းအတွင်းမှာ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ထပ်ပြီးတော့ စစ်တမ်းကောက်တဲ့အခါမှာ တရားဥပဒေစိုးမိုးရေးက ၆၇ ရာခိုင်နှုန်း ဖြေဆိုထားပါတယ်။ မူးယစ်ဆေးဝါး ပြဿနာကိုတော့ ၆၂ ရာခိုင်နှုန်း၊ စီးပွားရေးက ၄၆ ရာခိုင်နှုန်း၊ ပညာရေးက ၃၉ ရာခိုင်နှုန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးက ၃၄ ရာခိုင်နှုန်း၊ ကျန်းမာရေး ၃၃ ရာခိုင်နှုန်း၊ ဖွံ့ဖြိုးရေး ၂၁ ရာခိုင်နှုန်းနဲ့ ကျနော်တို့ အခြားပြဿနာတွေအပေါ် သူတို့ ဖြေဆိုထားတာကတော့ ၃၁ ရာခိုင်နှုန်း ကျနော်တို့ ရှိခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်စတင်ထွန်းကားတဲ့ အချိန်ဖြစ်တယ်။ ၁၀ နှစ်သား ဒီမိုကရေစီပေါ့နော်။ အဲဒီမှာ ပြည်သူလူထုတွေကလည်း မဲပေးပြီးတော့မှ အစိုးရသစ်တစ်ရပ်ကို ရွေးချယ်တယ်ဆိုတာ ပြည်သူလူထုတွေရဲ့၊ နိုင်ငံသားတိုင်းရဲ့ နိုင်ငံရေးအခွင့်အရေး ဖြစ်ပါတယ်။ နိုင်ငံရေးအခွင့်အရေး ဖြစ်သလို၊ နိုင်ငံရေးတာဝန်လည်း ဖြစ်ပါတယ်။ ပြီးလို့ရှိရင် ကျမတို့က ဒီမိုကရေစီခေတ်တွေမှာ ပြောကြတဲ့ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည်ဆိုတဲ့ စကားစုလေးပေါ့နော်၊ ဆိုလို့ရှိရင် ပြည်သူလူထုစီကတော့ မဲပေးခြင်းအားဖြင့် ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ကျမတို့ အစိုးရတစ်ရပ်ကိုရွေးချယ်တာဖြစ်တယ်။ နောက်တစ်ခုကတော့ ကျမတို့မြန်မာနိုင်ငံမှာပေါ့နော် ပြီးခဲ့တဲ့ အနှစ် ၅၀ ကျော်ကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုတာ ရှိခဲ့တယ်။ ဒီစနစ်ကို ပြောင်းလဲဖို့လို့အတွက်ကို ၂၆ နှစ် အချိန်ယူခဲ့ရတယ်။ ပြီးလို့ရှိရင် ဒုတိယမှာလည်း တပ်မတော်အစိုးရပေါ့နော်။ တပ်မတော်အစိုးရကနေပြီးတော့မှ ၂၄ နှစ်တာ နိုင်ငံ့တာဝန် ယူခဲ့တဲ့အချိန်မှာ ပြည်သူလူထုကနေပြီးတော့ စနစ်ပြောင်းချင်တာတို့၊ အစိုးရပြောင်းချင်တာဆိုတဲ့ နိုင်ငံရေး အခွင့်အရေးတွေ မရခဲ့ပါဘူး။ အခု ဒီမိုကရေစီခေတ်တွေမှာ ပြည်သူလူထု တစ်ယောက်ချင်းစီက ၅ နှစ်မှာ တစ်ခါကျရောက်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို မဲပေးရခြင်းဆိုတာ အဓိပ္ပာယ်ကတော့၊ အနှစ်သာရကတော့ ပြည်သူလူထု ကနေပြီးတော့မှ ဘယ်အဖွဲ့အစည်းကို တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အပ်နှင်းပေးမယ်ဆိုတာ ဆုံးဖြတ်တဲ့ပွဲကြီးဖြစ်ပါတယ်။ ဒီတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို အပ်နှင်းခံရတဲ့ အစိုးရကနေပြီးတော့ ပြည်သူ့ဘဏ္ဍာကို စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်။ နိုင်ငံတော်ရဲ့ အရေးကိစ္စတွေကို စီမံခန့်ခွဲပိုင်ခွင့် ရှိတယ်။ ကျမတို့မြန်မာနိုင်ငံမှာ အစိုးရကောင်းတစ်ရပ် ပေါ်ပေါက်ဖို့ဆိုတာ ပြည်သူတွေရဲ့ ရွေးချယ်မှုက သိပ်ကို အရေးကြီးပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဒီ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးမှာ မဲထွက်ပေးကြပါလို့ ကျမက တိုက်တွန်းချင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါ။ ကျမတို့ ဒီနေ့အစီအစဉ်မှာပေါ့နော်။ ပါတီကို ဖိတ်တဲ့နေရာမှာ စစ်တမ်းရလဒ်တွေအရ ဖိတ်ခဲ့တာတွေ ရှိသလိုပဲ စစ်တမ်းရလဒ်တွေအရပဲ ပါတီမိတ်ဆက်စကားတွေ ပြောပေးဖို့အတွက် ဖိတ်ထားတဲ့ ပါတီတွေလည်း ရှိပါတယ်။ ကျမတို့ ဒါကတော့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ပါတီ မိတ်ဆက်စကားကို ပြောသွားတာပဲဖြစ်ပါတယ်ရှင်။ ဆိုတော့ အခု ဆက်ပြီးတော့ အွန်လိုင်းကနေ တိုက်ရိုက်မေးတဲ့ အစီအစဉ်ကို ပြန်ပြီးတော့ စတင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ပထမဆုံးကတော့ မောင်လေး မောင်ကျော်ဇင်ထက်။ မေး။     ။ အားလုံးမင်္ဂလာပါ။ ကျနော့်နာမည်က မောင်ကျော်ဇင်ထက်ပါ။ ကျနော်က မန္တလေးခရိုင်ရဲ့ လူငယ်ကိုယ်စားလှယ်တစ်ယောက်လည်း ဖြစ်တယ်ပေါ့။ ဒါပေမယ့် ကျနော်မေးမယ့် မေးခွန်းကတော့ ကျနော်က LGBT ကိုယ်စားလှယ်တစ်ယောက်လည်း ဖြစ်တဲ့အတွက် LGBT နဲ့ သက်ဆိုင်တဲ့ မေးခွန်းပဲ မေးသွားပါမယ်ပေါ့။ ကျနော်တို့ အခုတက်ရောက်လာတဲ့ ပါတီကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ်က အနိုင်ရပါတီတစ်ခု ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် LGBT အရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ လုပ်ဆောင်ပေးမလဲဆိုတာ သိချင်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့။ အဲဒီတော့ မောင်လေးအနေနဲ့ ဘယ်ပါတီကိုများ အဓိကထားမေးချင်သလဲ။ မေး။     ။ USDP ပါတီကို မေးချင်ပါတယ်ခင်ဗျ။ ဖြေ။     ။ ကျေးဇူးတင်ပါတယ်မောင်လေး။ မောင်လေးရဲ့ မေးမြန်းချက်ကို အစ်မအနေနဲ့ ဖြေကြားရမယ်ဆိုရင်တော့ အစ်မတို့တွေက တကယ်တမ်းကျတော့ လူသားတွေချည်းပါပဲ။ မောင်လေးတို့ LGBT အတွက် ဘာတွေလုပ်ထားလဲဆိုရင် အစ်မတို့တွေက လူတန်းစားမခွဲပါဘူး။ အားလုံးက လူသားတွေ ဖြစ်တဲ့အတွက် အစ်မတို့တတွေ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေကို တန်းတူပေးဖို့အတွက် အခွင့်အရေးတွေလည်းရှိပါတယ်။ အလုပ်အကိုင် အခွင့်အရေးတွေလည်း ဒါက ရှိပါတယ်လို့ ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ မောင်လေး မောင်အောင်မြတ်သူ။ ဟုတ်ကဲ့ မောင်လေး မေးပေးပါဦးနော်။ မေး။  ။ လူ့ဘောင်သစ်က ဦးအောင်မှိုင်းဆန်းကို မေးမှာပါခင်ဗျ။ ကျနော်မေးချင်တာက ဘာလဲဆိုတော့ သူတို့ပါတီမှာလည်း သူတို့ပြောထားတာရှိတယ်၊ ပြည်သူသာအမိ ပြည်သူသာအဖဆိုပြီးတော့ ပြောထားတာမျိုးတွေရှိတယ်။ အဲဒီလိုမျိုးဖြစ်တဲ့အပြင် သူတို့ရဲ့ ပါတီက Revolution ကနေပြီးတော့မှ လာခဲ့တဲ့ ပါတီတစ်ခု ဖြစ်တယ်ပေါ့။ Revolution ကနေပြီးတော့ လာခဲ့တဲ့ ပါတီတစ်ခု ဖြစ်တာနဲ့အညီ အခု လက်ရှိမှာရော လုပ်နေတဲ့ လမ်းစဉ်ဟာဆိုရင် ရွေးကောက်ပွဲမဲဆွယ်ရမယ့် အချိန်မှာ မဲဆွယ်ရမှာမျိုး မဟုတ်ပေမယ့် အရမ်းကောင်းတယ်ပေါ့။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ Campaign တွေ လုပ်ကြတယ်၊ ရွေးကောက်ပွဲမဲဆွယ်တာတွေကို သူတို့ စိတ်မဝင်စားနိုင်ဘဲနဲ့ တပ်မတော်ကို ဖိအားပေးနေတာတွေ၊ ပါတီတခုအနေနဲ့ ဖိအားပေးတာတွေ၊ Statement ထုတ်ပေးတာတွေ၊ Campaign လုပ်တာတွေ … အဲဒါမျိုးတွေ လုပ်တယ်ပေါ့။ လုပ်တဲ့အတွက်ကြောင့်မို့လို့ ရှေ့ဆက်ပြီးတော့ ကိုယ်သာတကယ်လို့ အနိုင်ရပါတီ မဖြစ်ခဲ့ဘူးဆိုရင် ဒီလိုပုံစံမျိုးတွေ သွားတဲ့အချိန်မှာ၊ အခုလည်း ဒီပုံစံမျိုးသွားတယ်ပေါ့။ သွားတဲ့အချိန်မှာ လူထုက အဲဒီလောက်ကြီးမပါဘူးပေါ့။ လူထုအဲဒီလောက် မပါတဲ့ အချိန်မှာ ရှေ့ဆက်ပြီးတော့ ကိုယ့်ရဲ့ပါတီနဲ့အတူတူ လူထုပါဖို့အတွက်က ဘယ်လိုဆက်လုပ်သွားမယ့် လမ်းစဉ်တွေရှိလဲ၊ လူထုကို ကိုယ့်ပါတီနဲ့အတူတူ ဖြစ်ဖို့အတွက်က ကိုယ်ဘယ်လိုလုပ်သွားမယ်ဆိုတဲ့ နည်းဗျူဟာတွေရှိလဲ အဲဒါနဲ့ပတ်သက်ပြီးတော့ သိချင်ပါတယ်။ ပြီးတော့ Revolution က လာတဲ့ ပါတီနဲ့အညီ အရင်တုန်းက Revolution လမ်းစဉ်တွေ ရှိတယ်ပေါ့။ အဲဒီအတွက်ကြောင့်မို့လို့ အခု လက်ရှိ အချိန်မှာကော Revolution လမ်းစဉ် ပုံစံမျိုးတွေ တခြားဘယ်လိုမျိုး လမ်းစဉ် ရှိကြသေးလဲပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးသိချင်ပါတယ်ဗျ။ ဖြေ။     ။ အဲဒီတော့ ဒီမှာ အပိုင်းနှစ်ပိုင်း ပါတာကိုသွားတွေ့ရတယ်ပေါ့နော်။ ပထမတစ်ချက်ကတော့ ကျနော်တို့ လက်ရှိလုပ်နေတဲ့ ကိစ္စတွေထဲမှာ လူထုပါဝင်လာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းရယ်၊ အဲဒီအပိုင်းလေး ကျနော်စပြီး ဖြေကြည့်မယ်ပေါ့နော်။ ကျနော်တို့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက စောစောက ညီလေးပြောသွားသလိုပါပဲ ပြည်သူတွေမှာ လတ်တလောမှာ ခံစားနေရတဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ ထိခိုက်နစ်နာမှုတွေ၊  ရှိလာပြီဆိုလို့ရှိရင် ကျနော်တို့က အချိန်ဆိုင်းမနေဘဲနဲ့ ပါဝင်သင့်ပါဝင်ထိုက်တဲ့ နေရာကနေ၊ လှုပ်ရှားထိုက်တဲ့ နေရာကနေပြီး ဝင်ပြီးတော့ ပါဝင်ဆောင်ရွက်နေတာတွေ ရှိတယ်ပေါ့။ ရှိတဲ့အခါမှာ ပြည်သူတွေက လိုက်ပါမှုနည်းတယ် ဆိုတာကလည်း အမှန်ပါပဲ။ ဒါကတော့ အချိန်ကာလတစ်ခုတော့ လိုတာပေါ့နော်။ ပထမတစ်ချက်က ဥပမာဆိုလို့ရှိရင် ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ ဆိုလို့ရှိရင် ရခိုင်အရေးမှာ ရခိုင်လူထုရဲ့ နစ်နာဆုံးရှုံးမှုတွေရယ်၊ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးရယ်၊ နောက် ရခိုင်လူထု အပေါ်မှာ အစိုးရနဲ့တပ်မတော်ကနေ ပြုမူဆောင်ရွက်မှုတွေဟာ ဘယ်လိုတရားမျှတတယ်၊ တရားမမျှတဘူး အဲဒါတွေအားလုံးကို လူထုကို ကျနော်တို့က ဒီထက်ပိုပြီးတော့ ရှင်းရှင်းလင်းလင်းသိအောင်၊ ဒီထက်ပိုပြီးတော့ နားလည်အောင်၊ လူထုက နားမလည်ဘူးလို့ မဆိုပါဘူးနော်။ ဒီထက်ပိုပြီး အသေးစိတ် သိအောင်၊ ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်းသိအောင် ကျနော်တို့ဘက်ကနေပြီးတော့ များများ လုပ်ပေးဖို့ လိုအပ်တယ်ပေါ့။ များများလုပ်ပေးပြီး များများ သိလာပြီဆိုလို့ရှိရင် သူတို့ပါဝင်မှုကလည်း တစ်စုံတစ်ရာ မြင့်တက်လာမယ်ပေါ့။ ဒါပေမယ့် တချို့က သိပါတယ်၊ သိပေမယ့် ပါဝင်ဖို့အခက်အခဲတွေ ရှိနေတာလည်း ရှိတယ်။ ဒါလည်း ကျနော်နားလည်လို့ရတယ်။ အရေးကြီးတာက လူတွေ အများကြီးပါလာဖို့ထက် လူတွေအများကြီးက ကျနော်တို့ လှုပ်ရှားမှုကို ထောက်ခံဖို့၊ ဝန်းရံဖို့က ပိုပြီးတော့ ကျနော်တို့က အရေးကြီးတယ်လို့ ယူဆတယ်ပေါ့နော်။ အဲဒီတော့ ကျနော်တို့က လူတွေလိုက်ပါဖို့ထက် လူတွေရဲ့ ထောက်ခံမှု၊ လူတွေရဲ့ ဝန်းရံမှုရဖို့ကို ဆက်ပြီးတော့ ကျနော်တို့ ဦးစားပေးပြီး ဆောင်ရွက်သွားမှာပေါ့နော်။ နောက်တစ်ခုက ကျနော်တို့ပါတီကို Revolutionary ပါတီတစ်ရပ်အနေနဲ့ မြင်တာကိုလည်း ကျနော်နည်းနည်းလေး အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့လည်း ဖြေချင်တယ်ပေါ့။ အဲဒီဟာက ဒါ ကျနော်တို့ နိုင်ငံရေးအသိုင်းအဝိုင်းကြားထဲမှာလည်း တကယ်ကို ဆွေးနွေးစရာတစ်ခုအဖြစ် ရှိတယ်ပေါ့။ ဥပမာ - ဒါ တော်လှန်ရေးကာလလား၊ တည်ဆောက်ရေးကာလလား မေးစရာဖြစ်နေတယ်ပေါ့။ အဲဒီတော့ ဒါ တည်ဆောက်ရေးကာလလို့ ယူဆပြီးတော့ နေတဲ့သူတွေလည်း ရှိသလို၊ တော်လှန်ရေးမပြီးဆုံးသေးတဲ့ အတွက် တော်လှန်ရေးကာလလို့ ယူဆတဲ့သူတွေလည်း ရှိတယ်။ အဲဒီတော့ ကျနော်တို့ DPNS ပါတီက ၈ လေးလုံးအရေးတော်ပုံ တော်လှန်ရေးလှုပ်ရှားမှုကနေ ပေါ်ထွက်လာတဲ့ ပါတီတစ်ရပ်ဖြစ်တယ်။ ၈ လေးလုံးအရေးတော်ပုံ တော်လှန်ရေးဆိုတာကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ချုပ်ငြိမ်းရေးအတွက် ပေါ်ပေါက်လာတဲ့ လူထုလှုပ်ရှားမှုကြီးပဲ။ အဲဒီတော့ စစ်အာဏာရှင်စနစ် ရှိနေသေးသရွေ့ကတော့ တော်လှန်ရေးဆိုတာ ရှိနေဦးမှာပဲ။ အဲဒီတော့ ဒီနေ့ခေတ် ကာလဟာ တည်ဆောက်ရေးကာလလား၊ တော်လှန်ရေးကာလလားလို့ မေးရင်၊ ကျနော့်တစ်ဦးတည်း အမြင်အရပြောရင် စစ်အာဏာရှင်စနစ်ဟာ ရှိနေတယ်။ ၂၀၀၈ အခြေခံဥပဒေအရကို စစ်အာဏာရှင်စနစ်ကို အခိုင်အမာ ထောက်ပံ့ပေးနေတယ်။ ပေးနေတဲ့အတွက် တော်လှန်ရေးကာလက မပြီးဆုံးသေးဘူးလို့ ကျနော်က ယူဆတယ်။ အဲဒီတော့ ပါတီအနေနဲ့ ပြောရင်လည်း ကျနော်တို့ ပါတီမူဝါဒတွေ၊ ပါတီကထုတ်တဲ့ ဖွဲ့စည်းပုံတွေ အကုန်လုံး၊ မစ်ရှင်တွေ Goals တွေအကုန်လုံး ကျနော် လေ့လာဖတ်ရှုရသလောက်ကတော့ ပါတီမှာ အဲဒီဟာနဲ့ ပတ်သက်ပြီး တော်လှန်ရေးဆိုတဲ့ စကားလုံးသာ မပါရင်မပါမယ်၊ ကျနော်လေ့လာမိသလောက် ပါတီရဲ့ ယုံကြည်ချက်၊ ပါတီရဲ့ ခံယူချက်ဟာလည်း တော်လှန်ရေးကာလဟာ မပြီးဆုံးသေးဘူးဆိုတဲ့ အဓိပ္ပာယ်ယူဆချက် ရှိတယ်လို့ ကျနော်ကတော့ နားလည်ထားတယ်။ အဲဒီတော့ ရှေ့ဆက်ပြီးတော့ ကျနော်တို့ တော်လှန်ရေးကာလကို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားအောင် ကျနော်တို့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ အဲဒီတာဝန်ဟာ ကျနော်တို့မှာ ရှိနေပါတယ်။ ကျနော်တို့ ပခုံးပေါ်မှာ အဲဒီဟာကြီးကို ကျနော်တို့ အမြဲတမ်းထမ်းထားတယ်ဆိုတာ ပြောချင်ပါတယ်။ ဒီလောက်နဲ့ လုံလောက်မယ်ထင်ပါတယ်။ ဟုတ်ကဲ့၊ ကျေးဇူးပါ။ အဲဒီတော့ နောက်ထပ်မောင်လေး မောင်ပြည့်ဖြိုးကျော်။ ဒါကတော့ ပျော်ဘွယ်က မောင်လေး မောင်ပြည့်ဖြိုးကျော်။ ရှိတယ်နော်၊ မေးခွန်းလေး မေးပေးပါဦး။ မေး။     ။ အားလုံးပဲ မင်္ဂလာပါ။ ကျနော်မေးချင်တာကတော့ USDP ကို မေးချင်ပါတယ်။ ကျနော်တို့အခု ပညာရေးနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေ အားလုံးဟာ တချို့ဆို ၇ တန်း၊ ၈ တန်း အောင်တာနဲ့ သူတို့မှာ ပညာရေးကို ထပ်ပြီးတော့ သင်ကြားနိုင်မှု မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိသားစုရဲ့ စီးပွားရေးမှာ လိုက်ပြီး လုပ်နေရတာဖြစ်တယ်။ အဲဒီတော့ ဒီကလေးတွေရဲ့ အနာဂတ်က ဒီအလုပ်ထဲမှာပဲ ပြီးသွားတယ်ပေါ့နော်။ ကျနော်တို့အနေနဲ့  USDP  အနိုင်ရမယ်ဆိုရင် ဒီကလေးတွေရဲ့ ပညာရေးကို ဘယ်လိုများစဉ်းစားပေးမလဲဆိုပြီးတော့ သိချင်ပါတယ်။ ဖြေ။     ။ မောင်လေးမေးသွားတဲ့ မေးခွန်းကို အစ်မအနေနဲ့ ဖြေရမယ်ဆိုလို့ရှိရင်တော့ အဓိက အစ်မတို့ လူငယ်တွေမှာ ၇ တန်း၊ ၈ တန်းနဲ့လည်း ထွက်ပြီး အလုပ်လုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းက အဓိက ဘာလဲဆိုတော့ စီးပွားရေးကြောင့် ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေးကြန့်ကြာတဲ့အတွက် အခုလိုမျိုး လူငယ်တွေအနေနဲ့ ပညာရေးတစ်ပိုင်းတစ်စနဲ့ အပြင်မှာထွက်ပြီး အလုပ်လုပ်ရတဲ့အတွက် အစ်မတို့ အနိုင်ရခဲ့ရင် အဓိက စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အရင်ဆောင်ရွက်မယ်၊ ဆောင်ရွက်ပြီးတဲ့အခါ တပြိုင်တည်းမှာပဲ လူငယ်တွေအတွက် စီးပွားရေး အခွင့်အလမ်းတွေရအောင် တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်မယ်။ ဒါ့အပြင် ခုနကပြောသလို လူငယ်တွေအနေနဲ့ ၇ တန်း၊ ၈ တန်းနဲ့ ထွက်တဲ့အခါမှာ အစ်မတို့အနေနဲ့ တစ်ဖက်တစ်လမ်းကနေပြီးတော့ တက်ကျွမ်းမှု ပညာရပ်တွေပေါ့၊ ဥပမာ - အသက်မွေးပညာရပ်တွေကိုလည်း သင်ကြားပေးဖို့အတွက် ဆောက်ရွက်နေလျှက် ရှိပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် ဆိုင်ကယ်ပြင်တာတွေတို့၊ ဒါ ဥပမာအနေနဲ့ ပြောပြတာ။ နောက်တစ်ခါ အမျိုးသမီးဆိုရင်လည်း အမျိုးသမီးပိုင်းဆိုင်ရာ အသက်မွေး ပညာတွေကိုလည်း သင်ကြားထားမယ် ဆိုရင်၊ တစ်ဖက်တစ်လမ်းကလည်း၊ အခုဆိုရင် အစ်မတို့ နိုင်ငံမှာဆိုလို့ရှိရင် ဘယ်လိုပဲပြောပြောပါ ဒါ ခေတ်မီတဲ့ အင်တာနက်လိုင်းတွေလည်း ပေါ်ပေါက်လာတဲ့အတွက် အင်တာနက်လိုင်းတွေကတစ်ဆင့် ပညာရပ်တွေကို ရှာဖွေမယ်ဆိုလို့ရှိရင်တော့၊ တစ်ဖက်ကလည်း ပညာတွေသင်မယ်၊ တစ်ဖက်ကလည်း လုပ်ငန်းအခွင့်အလမ်းတွေကို ဆောင်ရွက်မယ်ဆိုရင် လူတွေအတွက် အဆင်ပြေတယ်လို့ အစ်မအနေနဲ့ ပြောလိုပါတယ်မောင်လေး၊ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ အဲဒီတော့ ဒီဘက်က မေးပေးသွားတဲ့ မောင်လေး ညီမလေးတွေကိုရော၊ ဒီဘက်က ဖြေပေးသွားတဲ့ ပါတီအသီးသီးက တာဝန်ရှိတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024