ထရမ့်ကို အနိုင်ရမည်ဆိုတာ သံသယမရှိဟု ဂျိုးဘိုင်ဒင်ပြော

500
ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်က သူ့အနေနဲ့ လက်ရှိသမ္မတ ထရမ့်ကို အနိုင်ရမယ်ဆိုတာ သံသယ မရှိဘူးလို့ပြောကြားလိုက်ပြီး မဲရေတွက်နေချိန်မှာ အားလုံးစိတ်အေးအေးထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲ မဲတွေကို ဆက်ရေတွက်နေပြီး လက်ရှိ အနေ အထားအရ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်က အသာစီးရနေတာပါ။
သမ္မတလောင်း တစ်ယောက်စီအနေနဲ့ သမ္မတရာထူးရယူနိုင်ဖို့ ရွေးကောက်မဲ ၂၇၀ လိုအပ်ရာမှာ ဒီနေ့မနက်ပိုင်းအထိ ဂျိုးဘိုင်ဒင်က ၂၆၄ မဲရထားပြီး သမ္မတ ထရမ့်ကတော့ ၂၁၄ မဲ ရထားတယ်လို့ အေပီသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
ဘိုင်ဒင်ဟာ လက်ရှိ သမ္မတ ထရမ့်ရဲ့ ပင်ဆာဗေးနီးယားနဲ့ ဂျော်ဂျီယာ ပြည်နယ် မဲအသာစီး ရမှုကို သိမ်းယူခဲ့သလို နီဗားဒါးနဲ့ အရီဇိုးနားပြည်နယ်တွေမှာ ကွာဟချက် အနည်းငယ်နဲ့ အသာစီး ဆက်ယူထားပါတယ်။
အိမ်ဖြူတော်က သမ္မတ ထရမ့်ကတော့ တရားဝင်ဆန္ဒမဲတွေကို ရေတွက်ရင် သူအသာလေး အနိုင်ရမယ်လို့ အထောက်အထားမရှိ ပြောဆိုခဲ့ပါတယ်။ ဒါဟာ သူ့အနေနဲ့ ဘိုင်ဒင်ကို ရှုံးနေတယ်ဆိုတာကို ဝန်ခံလိုစိတ် မရှိတာ ပြသ နေပါတယ်။
ထရမ့်က လက်ရှိအချိန်အထိ မဲတွေ ရေတွက်နေတာက ဒီရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတာကို ဖော်ပြနေတယ်လို့ ညွှန်းဆိုခဲ့ပါတယ်။
သမ္မတ ပြန်အရွေးခံရမယ့်အလားအလာ မှေးမှိန်လာတာနဲ့အတူ ထရမ့်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ်ထူးထူးခြားခြား တိုက်ခိုက်လိုက်ပါတယ်။
အဲဒီလို တိုက်ခိုက်တဲ့အပေါ်မှာ ထင်ရှားတဲ့ ရီပတ်ဘလီကန်အမတ်တွေက သမ္မတ ထရမ့်ကို ပြစ်တင်ရှုတ်ချတယ်လို့ တွစ်တာမှာရေးသားခဲ့ပါတယ်။