Home
မြန်မာသတင်း
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ  ၃,၀၀၀ ကျော်ရှိလာ 
DVB
·
November 5, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံ လုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အများဆုံးမြို့နယ်တွေထဲက တခုဖြစ်တဲ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပိုးတွေ့လူနာ ၃,၀၃၉ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ်နောက်မှာတော့ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့ အင်းစိန်မြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၈၇၂ ယောက်၊ ၂,၆၈၂ ယောက်၊ ၂,၄၉၅ ယောက်နဲ့ ၂,၄၀၃ ယောက်စီ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၇ လကျော် ရှိ လာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၅၆,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၅၆,၉၄၀ ယောက်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁,၃၃၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၄၀,၇၇၈ ယောက် ရှိနေပါတယ်။ လတ်တလော ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေအများဆုံးမြို့နယ် ၅ ခုရဲ့ နောက်မှာ တော့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ်ကြတဲ့ မရမ်းကုန်း၊ လှိုင်၊ တာမွေ၊ ရွှေပြည်သာနဲ့ သန်လျင်မြို့နယ်တွေက လူနာအရေအတွက် ၁,၇၆၈ ယောက်၊ ၁,၆၂၈ ယောက်၊ ၁,၅၁၈ ယောက်၊ ၁,၅၀၀ ယောက်၊ ၁,၄၉၁ ယောက်စီနဲ့ ကူးစက်ခံရမှုအများဆုံး ၁၀ မြို့နယ်အနေ နဲ့ အသီးသီးရှိနေကြတာ ဖြစ်ပါတယ်။ တကျော့ပြန်ကူးစက်မှုတွေ စတင်ရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၂၆၅ ယောက်နဲ့ ရောဂါကူးစက်ခံရမှုအများဆုံးအဆင့် ၁၃ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၄၃,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနဲ့ တတိယနေရာတွေမှာတော့ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့က ပိုးတွေ့လူနာ ၂,၉၀၀ ကျော်စီနဲ့ ရှိနေကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၈ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024