ကိုဗစ်-၁၉ ရောဂါ ပုံစံသစ်ဖြင့် စမ်းသပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

ဗြိတိန်အစိုးရက အရင်တခါမှ မမြင်ဖူးသေးတဲ့ အတိုင်းအတာ ပမာဏနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဟုတ်၊မဟုတ် စမ်းသပ်တဲ့ပုံစံသစ်ကို ဆောင်ရွက်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။ လောလောဆယ်မှာ အင်္ဂလန်မှာ ဒီဇင်ဘာ ၂ ရက်မှာ သက်တမ်းကုန်မယ့် တနယ်လုံး အသွားအလာ ကန့်သတ်တဲ့ လော့ဒေါင်း ချမှတ်ထားပေမယ့် ကူးစက်ခံဦးရေကတော့ တိုးနေတာပါ။ ဝန်ကြီးချုပ်နဲ့ လွှတ်တော်အမတ်တွေ အပတ်စဉ် အမေးအဖြေအစီအစဉ်မှာ ဂျွန်ဆင်က ခုလို ပြောလိုက်တာပါ။ ကျန်းမာရေးဌာနတွေကို ခြိမ်းခြောက်နေတဲ့ ကူးစက်မှုလှိုင်းကို ရပ်တံ့ရေးအတွက် လွှတ်တော်အမတ်တွေဟာ အင်္ဂလန်နယ်အတွက် လော့ဒေါင်းအသစ် ထပ်ချ၊မချဆိုတာ နောက်ပိုင်းမှာ မဲပေးဖို့ ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့လေဘာပါတီက လုပ်ဆောင်ချက် အသစ်ကို မျက်နှာသာပေးမယ်လို့ ကတိပြုထား ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၂ ရက်မှာ သက်တမ်းကုန်မယ့် လော့ဒေါင်းကန့်သတ်ချက်ကို နောက်ထပ် လွှတ်တော် မဲတွေနဲ့ သက်တမ်းတိုးသွားနိုင်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ခံ ဟုတ်၊မဟုတ် စမ်းသပ်မယ့်အစီအစဉ်အသစ်ကို နိုင်ငံတဝန်း အကောင်အထည် ဖော်သွားမယ်လို့ ဂျွန်ဆင်က လွှတ်တော်ကို အာမခံ ပြောဆိုပါတယ်။   ဗြိတိန်မှာ မေ ၂၇ ရက်နောက်ပိုင်းအမြင့်ဆုံးအနေနဲ့ ၂၄ နာရီအတွင်း ကူးစက်ခံ ၃၉၇ ယောက်ရှိပြီး ကူးစက်ခံ သေဆုံးသူဦးရေကလည်း  ၃၉၇ ယောက်ထိ အင်္ဂါနေ့က စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

//
More News
Up