ဆန္ဒပြသူများကို ဖြိုခွင်းရန် အီဂျစ်ကြားဖြတ်အစိုးရ အမိန့်ပေး

အီဂျစ်သမ္မတဟောင်းမော်စီကို ထောက်ခံ ဆန္ဒပြနေတဲ့ သပိတ်ကို ဖြိုခွင်းဖို့အတွက် ကြားဖြတ်အစိုးရက ရဲတပ်ဖွဲ့ကို ဒီနေ့ အမိန့်ပေးလိုက်ပါတယ်။ ကိုင်ရိုမှာရှိတဲ့ နေရာ ၂ ခုမှာ ထိုင်သပိတ်ဆင်နွှဲနေတဲ့  မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ကတော့ ဇူလိုင် ၃ ရက်နေ့မှာ ရာထူးကနေ ဖြုတ်ချခံထားရတဲ့ သမ္မတဟောင်းမော်စီကို ရာထူးပြန်အပ်တဲ့အထိ ဆက်ပြီး ဆန္ဒပြတာကလွဲလို့ တခြား ရွေးစရာ မရှိဘူးလို့ ဆိုပါတယ်။ နောက်ထပ် ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်တဲ့အခြေအနေမှာ အမေရိကန်ပြည်ထောင်စု ကလည်း လွတ်လပ်စွာစုရုံးခွင့်ကို လေးစားဖို့ အီဂျစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အီဂျစ် ပြည်ထဲရေးဝန်ကြီးကလည်း ထိုင်သပိတ်ကို တဖြည်းဖြည်းချင်း လူစုခွဲသွားမယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်းမှာ သမ္မတဟောင်းမော်စီကို တွေ့ခွင့်ရတဲ့  အာဖရိကသမ္မတ ကိုယ်စားလှယ်အဖွဲ့နဲ့ အီယူရဲ့ နိုင်ငံခြားရေးမူဝါဒ ၀န်ကြီး ကက်သရင်း အက်စတွန်တို့က သမ္မတဟောင်းဟာ ကျန်းကျန်းမာမာ ရှိနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာကတော့ ဘယ်သူမှ ထုတ်မပြောပါဘူး။ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ခေါင်းဆောင် မော်စီဟာ ပါလက်စတိုင်းက ဟားမစ် စစ်သွေးကြွအဖွဲ့နဲ့ ဆက်သွယ်မှု၊ ၂၀၁၁ ဇန်န၀ါရီလအတွင်းက ထောင်ဖောက်မှုအတွင်း အကျဉ်းသားတချို့ကို ကြံစည်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရုံးတင်ခံရဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up