ကိုဗစ်-၁၉ လူနာသစ် ၁,၁၃၆ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၃ ဦးထပ်တိုး
DVB
·
November 4, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၁၃၆ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၃ ယောက်ထဲမှာ ၁၈ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၃ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၄ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄,၉၅၅ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၁၃၆ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံက ဆင်းခွင့်ရသူ ၁,၇၁၅ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၉၅၂ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၇၆၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ အယောက် ၁,၆၀၀ ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၆,၉၄၀ ယောက်၊ သေဆုံးသူ ၁,၃၃၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၀,၇၇၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။