Home
မြန်မာသတင်း
ဇေယျာသီရိမြို့နယ် တပ်မဲရုံ၌ ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်မှု ဖြစ်ပွား
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
·
November 4, 2020
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းက တပ်မဲရုံမှာ ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်မှု  နိုဝင်ဘာ ၄ ရက်မနက်က  ဖြစ်ပွားခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်ထဲက အနော်ရထာရပ်ကွက်အတွင်းက တပ်မဲရုံတစ်ခုမှာ ကြိုတင်ဆန္ဒမဲတွေ ကောက်ယူနေရာ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းမှာတော့ ကြိုတင်မဲပုံးတစ်ပုံးက လုံခြုံရေး ကြိုးပြတ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က ဖြတ်တာမျိုးမဟုတ်ဘဲ ကြိုးတွေရဲ့ အရည်အသွေးမကောင်းတာကြောင့် ပြတ်တာဖြစ်နိုင်တယ်လို့ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ  ဦးအောင်သူစိုး(ခ) ဦးမောင်မောင်က ပြောပါတယ်။ “ဘယ်လိုကြောင့်ဖြစ်တာလဲ ဆိုရင် လုံခြုံရေးကြိုးတွေရဲ့ quality ဟာ နည်းနည်းညံ့တဲ့ အပိုင်းတွေ တွေ့ရပါတယ်။ ဒီပြတ်သွားတဲ့ကြိုးကတော့ ကြိုးနံပါတ် ၁၀၁၆၀၅၈ လုံခြုံရေးကြိုးပြတ်သွားတာဖြစ်ပြီးတော့ ကျန်တဲ့ကြိုးတွေကို ပြန်ပြီးစစ်ဆေးလိုက်တဲ့အခါမှာ ၁၀၁၆၀၇၃ ကြိုးရဲ့ လုံခြုံရေးကြိုးကလည်း တဲတဲလေးကျန်တာ တွေ့ရတယ်။ ဒါစစ်ဆေးတွေ့ရှိချက်အရ မည်သူတစ်ဦး တစ်ယောက်ကမျှ မဲပုံးလုံခြုံရေးကြိုးကို ဖြတ်တာမဟုတ်ဘဲနဲ့ ကြိုးတွေရဲ့ ခိုင်ခံ့မှုအရည်အသွေးမပြည့်မီမှု၊ နောက်တစ်ခါ ကျနော်တို့ မဲပုံးတွေရဲ့ အံ၀င်ခွင်ကျ ပိတ်လိုက်တဲ့အခါမှာ မဲပုံးတွေရဲ့ မဲဆန္ဒရှင် စာအိတ်တွေ မဆံ့လို့ ဒီလို လှုပ်ထည့်တဲ့အခါမှာ ကြိုးတွေက ကန်ကျောက်မှုဖြစ်ပြီး ကြိုးတွေပြတ်တယ်လို့ ကျနော့်အနေနဲ့ အဲ့လိုပဲသုံးသပ်ပါတယ်။” အနော်ရထာရပ်ကွက်အတွင်းက မဲရုံမှာ အခုလို ကြိုတင်မဲပုံးကြိုးပြတ်တာနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် သက်ဆိုင်ရာ မဲရုံကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေရှေ့မှာ ကြိုးတွေကို စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် တပ်ရင်းတပ်ဖွဲ့ရဲ့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တပ်ရင်းတပ်ဖွဲ့ အကြီးအမှူးတွေ ဖိတ်ပြီးတော့လည်း စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဦးအောင်သူစိုးက ပြောပါတယ်။ “ဒီမှာရှိနေတဲ့ ကြိုတင်မဲပုံးအားလုံးကို နောက်ထပ်အလားတူမဖြစ်အောင် ဒီလုံခြုံရေးကြိုးအပြင် တိပ်တွေနဲ့ပတ်လိုက်တဲ့အချိန်မှာ ဒီမဲပုံးအားလုံး ပိတ်တာနဲ့ ကြိုးလှုပ်ရှားမှုနဲ့ ငြိမ်သွားမယ်။ တစ်နေရာကနေတစ်နေရာကို အကြောင်းတစ်စုံတစ်ရာ လုံခြုံရေးအရဖြစ်စေ၊ ရွှေ့တယ်ပြောင်းတယ် ဆိုရင်တောင်မှ တိပ်ပတ်ထားတဲ့ကြိုးတွေရဲ့ လှုပ်ရှားမှု ငြိမ်နေတဲ့အတွက်နောက်ထပ်ဆက်လက်ပြီး ပြတ်စရာအကြောင်းမရှိဘူးလို့ပဲ မြင်ပါတယ်။”  လက်ရှိမှာတော့ ဒီမဲရုံမှာ တပ်မတော်သားတွေနဲ့ အတူနေမိသားစုဝင်တွေထဲက အသက် ၆၀ နဲ့အထက်တွေ လာရောက် မဲဆန္ဒပေးနေကြတာ ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့တွေမှာ လုံခြုံရေးအရ မဲပေးမယ့် နေ့မှာမပေးနိုင်လို့ တာ၀န်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ကွာရန်တင်းစင်တာတွေမှာ လုံခြုံရေးအရ သွားရောက်တာ၀န်ယူပေးရတဲ့ ပုဂ္ဂိုလ်တွေ၊ တပ်မတော်ဆေးရုံတွေမှာ တာ၀န်ကျနေတဲ့သူနာပြု၊ ဆရာ၀န်တွေကလည်း ကြိုတင်ဆန္ဒမဲပေးနေကြတယ်လို့သိရပါတယ်။ ဇေယျာသီရိမြို့နယ်မှာ တပ်မတော်သားတွေ အပါအဝင် ဆန္ဒမဲပေးခွင့်ရှိသူစုစုပေါင်း ၈၁,၇၅၀ ဦးရှိပြီး တပ်မဲရုံ ၆ ရုံအပါအဝင် မဲရုံ ၇၄ ရုံရှိတယ်လို့ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။ ဇေယျာသီရိမြို့နယ်မှာ အန်အယ်လ်ဒီပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ အပါအဝင် နိုင်ငံရေးပါတီ ၇ ခု က ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေတုန်းကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေကသာ အနိုင်ရရှိထားတဲ့ မဲဆန္ဒနယ်လည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024